ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းရှိ ဒေသခံရွာသူ/သားများထံ UWSA အဖွဲ့မှ တစ်ဦးချင်းစီ ဓာတ်ပုံများနှင့်နာမည်စာရင်းများ ကောက်ခံမှတ်တမ်းယူနေကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။
“ဒီတစ်ပတ်ထဲပဲ ဝ စစ်သားတွေက မိုင်းကိုင်မြို့နယ်ထဲက ရွာတွေဆီကို အကြောင်းကြားလာတယ်။ ရွာသူရွာသားတွေရဲ့ ဓာတ်ပုံနဲ့နာမည်ကို ကောက်ယူသွားမယ် မပေးလို့မရဘူးလို့ ခြိမ်းခြောက်ပြောဆိုထားတယ်။ ကြားရတဲ့ သတင်းတွေအရတော့ မိုင်းကိုင်မြို့တောင်ပိုင်းဘက် ရွာတွေဆီကို ဓာတ်ပုံတွေရိုက်ပြီး ပို့ခိုင်းနေပြီလို့ပြောတယ်။ တကယ်လို့ သူတို့လမ်းမှာစစ်ဆေးလို့ ဓာတ်ပုံနဲ့တိုက်စစ်ကြည့်လို့မှ နယ်ခံမဟုတ်ရင် ဖမ်းမယ်လို့လည်း ပြောတယ်။” ဟု မိုင်းကိုင်ဒေသခံ တစ်ဦးက Hsan Loi Voice ကို ပြောပြသည်။
“SSPP တွေက စစ်သားအရမ်းကောက်တော့ ယောကျာ်းလေး တော်တော်များများ ရွာထဲမှာမရှိတော့ဘူး။ တချို့တွေက မြို့ထဲပြေးကြသလို တချို့တွေလည်း ထိုင်းကို ထွက်ပြေးသွားကြပြီ။ သူတို့မထင်ရင်မထင်သလို ဖမ်းဆီးသွားပြီး အခုထိသတင်းအစအန မရသေးတဲ့သူတွေ အများကြီးပဲ ။ အခုတော့ ရွာထဲမှာ မိန်းကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေပဲ ကျန်တော့တယ်။ ဒါတောင် မိန်းကလေးကိုပါ စစ်သားထပ်စုဆောင်းမယ်လို့ သတင်းထပ်ကြားတယ်။ ဒီကြားထဲ UWSA ကလည်း အခွန်တွေကောက်တယ်။ လမ်းမှာ ပိတ်ပြီးစစ်ဆေးတာတွေလုပ်တယ်။ ကျနော်တို့က လူမျိုးကြီးဖြစ်ပြီး သူများပြုသမျှ ငြိမ်ခံနေရတယ်။” ဟု မိုင်းကိုင်ဒေသခံ အမည်မဖော်လိုသူ ရွာသူတစ်ဦးက ပြောပြသည်။
မိုင်းကိုင်မြို့တွင် RCSS နှင့် မြောက်ပိုင်းမဟာမိတ် တိုက်ပွဲဖြစ်ပွားပြီးနောက် RCSS မှ တပ်ဆုတ်ခဲ့ပြီး SSPP နှင့် UWSA အဖွဲ့မှ လာရောက်နေထိုင်လျက်ရှိသည်။ ယခုလို UWSA မှ သျှမ်းလူမျိုးများအပေါ် နိုင်ထက်စီးနင်းပြုမူနေမှုကို SSPP ဘက်ကနေ ကာကွယ်မှုတစ်စုံတရာ ဆောင်ရွက်ပေးခြင်းမရှိကြောင်း သိရသည်။