ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ဗြိတိသျှအစိုးရသည် ဗမာဘုရင် သီပေါမင်းအုပ်ချုပ်သည့် အထက်ဗမာပြည်ကို ၁၈၈၆ခု၊ ဇန်နဝါရီလ(၁) ရက်တွင် တရားဝင်သိမ်းပိုက်ကြောင်း ကြေညာခဲ့သည်။ ထိုကဲ့သို့တရားဝင် သိမ်းပိုက်နိုင်ခဲ့သော်လည်း အထက် ဗမာပြည်ကို မည်သည့်အုပ်ချုပ်ရေးစနစ်ဖြင့် အုပ်ချုပ်ရမည်ကို ကြိုတင်မစီမံနိုင်ခဲ့သဖြင့် ဗမာဘုရင်လက်ထက်က လွှတ်တော်ကို မဖျက်သိမ်းဘဲ ကာနယ်စလေဒင်(Colonel E.B. Sladen)ကို ဦးဆောင်စေလျက် ယာယီအုပ်ချုပ်စေခဲ့ သည်။ ဗြိတိသျှအစိုးရသည် အထက်ဗမာပြည်ကို ထိုကဲ့သို့ ယာယီအုပ်ချုပ်နေသည့် အချိန်အထိ သျှမ်းနယ်များကို သိမ်းပိုက်ရန် အစီအစဉ်မရှိခဲ့ကြပေ။
ဦးတင်မောင်ရင်၏ ခေတ်မြန်မာတည်ဟန်(Dorothy Woodman; THE MAKING OF BURMA)စာအုပ်တွင် သျှမ်းနယ်များနှင့် ပတ်သက်၍ အထက်ဗမာပြည်ကို သိမ်းပိုက်ဆဲဖြစ်သော ဗြိတိသျှအစိုးရ၏သည် သျှမ်းနယ်များ၏ လွတ်လပ်စွာ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် ရှိမှုကို အသိအမှတ်ပြုကြောင်း၊ သျှမ်းနယ်များကို ဆက်လက်သိမ်းပိုက်ရန် မရည်ရွယ် ကြောင်း၊ အထက်ဗမာပြည်တွင် မင်းသားတစ်ပါးပါးကို ပြန်လည်နန်းတင်ခဲ့လျှင်ပင် ထိုမင်းသားနှင့် သျှမ်းနယ်ရှင်များ၏ ဆက်ဆံရေးကောင်းမွန်စေရန် ကြိုးစားမည်ဖြစ်ကြောင်းကို နယ်ရှင်သျှမ်းစော်ဘွားများ နား လည်စေရန်အတွက် ကြိုတင်သတင်းပို့ရန် ပြင်ဆင်ခဲ့သည်ကို တွေ့ရသည်။ ဤသည်ကို ၁၈၈၅ခု၊ နိုဝင်ဘာ(၂၀) ရက်နေ့တွင် အောက်ဗမာပြည်ဆိုင်ရာ ဝန်ရှင်တော်မင်းကြီး(Sir Charles Bernard)က အိန္ဒိယဘုရင်ခံချုပ်ထံ အကြံပြုပေးပို့သော ကြေးနန်းစာတွင် အတိအလင်းဖော်ပြ ထားသည်ကို တွေ့ရပါသည်။ ထိုကာလတွင် ဗြိတိသျှ အစိုးရသည် အထက်ဗမာပြည်ကို သိမ်းပိုက်ဆဲကာလဖြစ်၍လည်းကောင်း၊ သျှမ်းနယ်များ၏ အခြေအနေအရပ်ရပ် ကို နားလည်သိမြင်ရန် မလွယ်သေးသောကြောင့်လည်းကောင်း သျှမ်းနယ်များကိုပါ ဆက်လက်သိမ်းယူရန် မဖြစ် နိုင်သေးသည်ကို အိန္ဒိယဘုရင်ခံချုပ်အနေဖြင့် ကြိုတင်နားလည်စေရန်အတွက် အောက်ဗမာပြည်ဆိုင်ရာ ဝန်ရှင် တော်မင်းကြီးက အကြံပြုသည်ဟု သုံးသပ်ရပါသည်။
ထို့နောက် ဗြိတိသျှအစိုးရသည် အထက်ဗမာပြည်ကို အိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်ခုအဖြစ် ၁၈၈၆ခု၊ ဖေဖော်ဝါရီလ(၂၆)ရက်တွင် တရားဝင်ထည့်သွင်းဖွဲ့စည်းသည်။ ၁၈၈၆ခု၊ မတ်လ(၁) ရက်နေ့တွင် ဗြိတိသျှအစိုးရ သည် စတက်ကျူဥပဒေ၃၃ ဗစ်၊ အခန်း ၃အရ အထက်ဗမာပြည်ကို ဇယားဝင်စီရင်စုအဖြစ် သတ်မှတ်သည်။ ထိုသို့သတ်မှတ်ရာတွင် သျှမ်းနယ်များကို အထက်ဗမာပြည်နှင့် မတွဲဘဲ သီးသန့်ချန်လှပ်ထားခဲ့သည်ကို မကြန်၏ မဟာဝန်ရှင်တော်မင်းကြီးအုပ်ချုပ်ရေးစာအုပ်တွင် တွေ့ရပါသည်။ ထိုကဲ့သို့ သျှမ်းနယ်များကို အထက်ဗမာပြည်နှင့် မတွဲဘဲ သီးသန့်ချန်လှယ်ထားခြင်းသည် အောက်ဗမာပြည်ဆိုင်ရာ ဝန်ရှင်တော်မင်းကြီး၏ သျှမ်းနယ်များနှင့် ပတ်သက်သည့် အကြံပြုကြေးနန်းစာပါ အချက်များကို အလေးဂရုပြုကာ စီမံဆောင်ရွက်သည်ဟု သုံးသပ်ရပေ သည်။
ဗြိတိသျှအစိုးရ၏ စတက်ကျူဥပဒေ၃၃ ဗစ်၊ အခန်း ၃အရ အထက်ဗမာပြည်ကို ဇယားဝင်စီရင်စုအဖြစ် သတ်မှတ်ပြီးနောက် အထက်ဗမာပြည်ကို အုပ်ချုပ်ရန် မဟာဝန်ရှင်တော်မင်းကြီး(Chief Commissioner)အုပ်ချုပ် ရေးစနစ်ကို ၁၈၈၆ခု၊ မတ်လ(၃၁)ရက်တွင် စတင်ခဲ့သည်။ ထိုနေ့တွင်ပင် ကာနယ်စလေဒင်ဦးဆောင်သည့် ဗမာမင်း ၏ လွှတ်တော်အုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းခဲ့ပြီး အောက်ဗမာပြည်နှင့် အထက်ဗမာပြည်ကိုပေါင်း၍ အောက်ဗမာ ပြည်ဆိုင်ရာ ဝန်ရှင်တော်မင်းကြီး(Sir Charles Bernard)ကိုပင် မဟာဝန်ရှင်တော်မင်းကြီးရာထူးခန့်အပ်ကာ အုပ်ချုပ်စေခဲ့သည်။ ထိုအချိန်ရောက်မှသာ မဟာဝန်ရှင်တော်မင်းကြီးဦးဆောင်သည့် ဗမာပြည်ဆိုင်ရာ ဗြိတိသျှ အစိုးရသည် သျှမ်းနယ်များနှင့် ပတ်သက်၍ ပြင်ဆင်မှုများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ထိုသို့လုပ်ဆာင်ရာ တွင် မဟာဝန်ရှင်တော်မင်းကြီးဖြစ်လာသူ Sir Charles Bernardနှင့် Mr. Pilcherတို့၏ သျှမ်းနယ်များနှင့် ပတ်သက် ၍ ဗမာမင်း၏ အရာရှိများထံ ကြိုတင်မေးမြန်းချက်များ၊ သျှမ်းနယ်များနှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးပုံစံများကို အခြေခံ၍ ပြင်ဆင်ကြောင်းကို ဦးတင်မောင်ရင်၏ ခေတ်မြန်မာတည်ဟန်(Dorothy Woodman; THE MAKING OF BURMA)စာအုပ်နှင့် ဆရာစိုင်းခမ်းမိုင်း၏ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှ သျှမ်းပြည်နယ်စာအုပ်တွင် တွေ့ရပါ သည်။ ဤတွင် ဗြိတိသျှအစိုးရသည် သျှမ်းနယ်များနှင့် ပတ်သက်လျှင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်နှင့် သဘော ထားကို အလေးအနက်ထားကြောင်း သုံးသပ်ရပေသည်။ ဤသို့ အလေးအနက်ထားရာတွင် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ခြင်းထိစပ်နေသည့် လက်ရှိသျှမ်းပြည်ကို ပို၍ဂရုစိုက်ကြောင်းနှင့် အထက် ဗမာပြည်ကို သိမ်းယူရာတွင် ကန့်ကွက်ခဲ့သည့် တရုတ်နိုင်ငံ၏ ဗမာပြည်နှင့် ပတ်သက်သည့် သဘောထားနှင့် ဆက်စပ်စဉ်းစားဟန်ရှိကြောင်း သုံးသပ်နိုင်ပါသေးသည်။
ဗမာပြည်၏ ပထမဦးဆုံးမဟာဝန်ရှင်တော်မင်းကြီးဖြစ်လာသူ Sir Charles Bernardနှင့် Mr. Pilcherတို့၏ သျှမ်းနယ်များနှင့် ပတ်သက်သော ဗမာ့နန်းတွင်းမှတ်တမ်းများကို လေ့လာချက်၊ သျှမ်းနယ်များ၏ အုပ်ချုပ်ရေး လုပ်ငန်းများတွင် တာဝန်ယူခဲ့ဖူးသည့် ဗမာအရာရှိများထံ မေးမြန်းချက်များသည် ဗြိတိသျှအစိုးရအတွက် သျှမ်းနယ် များ၏ အုပ်ချုပ်ရေးစနစ်ကို လိုအပ်သလိုပုံဖော်ရန်အတွက် အသုံးဝင်လာခဲ့သည်။ ဤတွင် ဗမာမင်းလက်ထက်က လွှတ်တော်ဝန်ကြီးမှူးကြီးများက သျှမ်းနယ်ကို ဗမာဘုရင်လက်ထက်ကအတိုင်း နယ်(၄)ရပ်ထားရှိရန် အကြံပြု သည်ဟု မကြန်၏ မဟာဝန်ရှင်တော်မင်းကြီးအုပ်ချုပ်ရေးစာအုပ်တွင် တွေ့ရပါသည်။ သျှမ်းနယ်လေးရပ်ဆိုသည် မှာ ဦးတိုက်ထမ်းနယ်တွင်ပါဝင်သည့် သျှမ်းစော်ဘွားနယ်များကို တစ်ရပ်သတ်မှတ်ပြီး သီးခြားထမ်းနယ်တွင် ပါဝင် သည့် သျှမ်းစော်ဘွားနယ်များကို သိန္နီတပ်ရုံးလက်အောက်ခံနယ်၊ မိုးနဲတပ်ရုံးလက်အောက်ခံနယ်၊ မိုးဗြဲတပ်ရုံး လက်အောက်ခံနယ်ဟူ၍ သုံးရပ်သတ်မှတ်ကာ စုစုပေါင်းသျှမ်း(၄)ရပ်အဖြစ် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ပါ သည်။ သို့သော် မဟာဝန်ရှင်တော်မင်းကြီး Sir Charles Bernardသည် လွှတ်တော်ဝန်ကြီးမှူးကြီးတို့၏ အကြံပြု ချက်ကို လက်မခံဘဲ ၁၈၈၆ခုတွင် သျှမ်းနယ်များကို –
(က) အပိုင်း(၁) – ခမ်းတီးလုံ၊ ဆင်ကလိန်ခမ်းတီး၊ ကလေး၊ ဝန်းသို၊ သောင်သွပ်။
(ခ) အပိုင်း(၂) မြေလတ်ဒေသ- ရွာငံ၊ ကျောက်ဂူလေးရွာ၊ ပွေးလှ၊ ပင်းတယ၊ မိုင်းပျဉ်း၊ နမ့်ခုံး၊ နောင်မွန်၊ မိုင်းစိတ်၊
ကျိုင်းခမ်း၊ ဘော်ဆိုင်း၊ ကျောက်ထပ်၊ ကျုံး၊ သာမိုင်းခမ်း၊ ပင်မှီ၊ လွယ်အံ၊ လွယ်မွန်၊
ဘော်နင်း၊ လဲသက်၊ စကား၊ တီကျစ်၊ ဟိုပုံး၊ နမ့်စံ၊ ဘန်းယဉ်၊ ကျိုင်းတောင်း၊ မိုးနဲ။
(ဂ) အပိုင်း(၃) သံလွင်အရှေ့ပိုင်းဒေသ- မိုင်းလွန်း၊ မော်ဖ၊ မိုင်းလင်းကြီး၊ ကျိုင်းရုံးကြီး၊ ကျိုင်းတုံ၊ ကျိုင်းချိုင်၊ ကျိုင်း
သင်းကြီး၊ မိုင်းသတ်၊ မိုင်းပု၊ မိုင်းဟန်၊ မိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းထား။
ဟူ၍ အပိုင်း(၃)ပိုင်း ခွဲလိုက်သည်ကို ဆရာစိုင်းခမ်းမိုင်း၏ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှ သျှမ်းပြည်နယ်စာအုပ် တွင် တွေ့ရှိရသည်။ ဗမာပြည်ကို စတင်အုပ်ချုပ်သည့် ဗြိတိသျှအစိုးရသည် သျှမ်းနယ်များကို ဤကဲ့သို့ အပိုင်းသုံး ပိုင်း ခွဲလိုက်ပြီးနောက် စီရင်စုနယ်(၁၄)နယ်တွင် တစ်နယ်အဖြစ် သတ်မှတ်လိုက်သည်ကို မကြန်၏ မဟာဝန်ရှင် တော်မင်းကြီးအုပ်ချုပ်ရေးစာအုပ်တွင် တွေ့ရပါသည်။
မဟာဝန်ရှင်တော်မင်းကြီး Sir Charles Bernardဦးဆောင်သည့် ဗြိတိသျှအစိုးရအဖွဲ့သည် သျှမ်းနယ်များ ကို အပိုင်း(၃)ပိုင်းခွဲ၍ ဗမာပြည်၏ စီရင်စုနယ်(၁၄)နယ်တွင် တစ်နယ်အဖြစ် သတ်မှတ်ခြင်းသည် သျှမ်းနယ်များကို သိမ်းယူပြီးနောက် အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးဆောင်ရွက်ရာ၌ အဆင်သင့်ဖြစ်စေရန် ကြိုတင်ပြင်ဆင်ခြင်းဖြစ် သည်ဟု သုံးသပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဗြိတိသျှအစိုးရသည် လက်တွေ့အားဖြင့် ၁၈၈၆ခုတွင် သျှမ်းနယ် များကို သိမ်းယူရန်ပင် မစတင်နိုင်သေးသကဲ့သို့ သျှမ်းနယ်များတွင်လည်း အုပ်ချုပ်သူနယ်ရှင်များအကြား ပဋိပက္ခ များဖြင့် ရှုပ်ထွေးနေချိန်ဖြစ်နေပါသည်။ သို့ဖြစ်၍ စီရင်စုနယ်(၁၄)နယ် သတ်မှတ်ရာတွင် သျှမ်းနယ်များသည် ၁၈၈၆ခု၊ မတ်လအတွင်း၌ပင်လျှင် ပါလိုက်၊ မပါလိုက်ဖြစ်နေသည်ကို မကြန်၏ မဟာဝန်ရှင် တော်မင်းကြီးအုပ်ချုပ် ရေးစာအုပ်တွင် ဖော်ပြထားရာ သျှမ်းနယ်များကို အပိုင်း(၃)ပိုင်းခွဲခြင်းသည်ပင် ယာယီသဘောကဲ့သို့ ဖြစ်နေသည် ဟု သုံးသပ်ရပေသည်။ ထို့အပြင် ထိုကဲ့သို့ အပိုင်း(၃)ပိုင်းခွဲရာ၌ သျှမ်းပြည်မြောက်ပိုင်းတွင် အရေးပါသည့် သိန္နီနယ်၊ သီပေါနယ်နှင့် မိုးမိတ်နယ်တို့သည်လည်းကောင်း၊ သျှမ်းပြည်တောင်ပိုင်းတွင် အရေးပါသည့် ညောင်ရွှေနယ်၊ ရပ်စောက်နယ်၊ မိုင်းပွန်နယ်၊ မိုးဗြဲနယ်တို့သည်လည်းကောင်း ပါဝင်ခြင်းမရှိဖြစ်နေရာ မဟာဝန်ရှင်တော်မင်းကြီး Sir Charles Bernardဦးဆောင်သည့် ဗြိတိသျှအစိုးရအဖွဲ့သည် သျှမ်းနယ်များ၏ အုပ်ချုပ်ရေးကို ကြိုတင်စီမံရာတွင် လိုအပ်ချက်များစွာ ရှိနေပေသည်ဟူ၍ပါ သုံးသပ်နိုင်ပါသည်။
ဗြိတိသျှအစိုးရ၏ အဆိုပါ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် အဓိက အကြောင်းရင်းဖြစ်လာသည်မှာ လက်ရှိသျှမ်းပြည်အတွင်း၌ နယ်ရှင်စော်ဘွားများအကြားရှိ စစ်ရေးပဋိပက္ခဖြစ်သည်။ သျှမ်းပြည်မြောက်ပိုင်း သိန္နီ နယ်တွင် စော်ဘွားဖြစ်သူ စဝ်ဆိုင်နော်ဖနှင့် သားတော်စဝ်နော်မိုင်းတို့ကို အမတ်ဖြစ်သူခွန်ဆန်ဟိုက်နှင့် သားမက် ဖြစ်သူ ခွန်ဆန်တုံဟုန်းတို့၏ ပုန်ကန်မှုသည် ဗြိတိသျှအစိုးရ၏ အထက်ဗမာပြည်ကို မသိမ်းပိုက်မီကာလ မင်းတုန်း မင်းနှင့် သီပေါမင်းတို့လက်ထက်ကပင် ပြင်းထန်စွာ ဖြစ်ပွားနေခဲ့ပြီ ဖြစ်သည်ကို အရှင်သုခမိန္ဒ(တန့်ယန်း)၏ သျှမ်း တိုင်းရင်းသားများ၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများကျမ်းတွင် တွေ့ရှိရသည်။ ထို့အပြင် သျှမ်းပြည် တောင် ပိုင်းရှိ မိုးနဲစော်ဘွားစဝ်ခွန်ကြည်နှင့် ရပ်စော်စော်ဘွားစဝ်ဝိုင်းတို့၏ သီပေါမင်းအပေါ် ပုန်ကန်မှုတွင် သီပေါ စော်ဘွား စဝ်ကြာခိုင်(စဝ်ခွန်ဆိုင်)ကို ဖြန်ဖြေပေးရန် သီပေါမင်းက စေလွှတ်ရာတွင် မအောင်မြင်သဖြင့် စဝ်ကြာခိုင် (စဝ်ခွန်ဆိုင်)ကို ဖမ်းဆီးရန်ပြင်ဆင်ရာ ကရင်နီနယ်ကတဆင့် ဗြိတိသျှအစိုးရပိုင် ရန်ကုန်မြို့သို့ တိမ်းရှောင်သွား သည့် ပြဿနာကလည်းရှိနေသည်ကို ဦးအုန်းဖေ၏ ပင်လုံစစ်တမ်းစာအုပ်တွင် တွေ့ရသည်။ သျှမ်းပြည်တောင်ပိုင်း မိုးနဲနယ်တွင် မိုးနဲစော်ဘွားက သီပေါမင်းကိုပုန်ကန်၍ ကျိုင်းတုံစော်ဘွားထံ သွားရောက်ခိုလှုံစဉ် သီပေါမင်းက ကျိုင်းတောင်စားဖြစ်လာသည့် ထွက်ငလူးကို မိုးနဲစော်ဘွားခန့်လိုက်သည့် ပြဿနာများကလည်း ရှိနေသည်ကို ဦးတင်မောင်ရင်၏ ခေတ်မြန်မာတည်ဟန်(Dorothy Woodman; THE MAKING OF BURMA)စာအုပ်တွင် တွေ့ရသည်။ မိုးနဲပြဿနာနှင့် သိန္နီပြဿနာသည် သျှမ်းပြည်ရှိ စော်ဘွား၊ မြို့စားများအကြားတွင် အကြီးဆုံး ပြဿနာဖြစ်ခဲ့ပြီး သီပေါမင်းအမိန့်ဖြင့် မိုးနဲ၊ ရပ်စော်စော်ဘွားတို့ ဦးဆောင်မှုကို ခံယူသည့်အုပ်စုကို တိုက်ခိုက်ရန် ညောင်ရွှေစော်ဘွားဦးဆောင်သည့် မြို့စားတပ်များကို စေလွှတ်ရာတွင် အဆိုပါပဋိပက္ခများသည် ထိန်း၍သိမ်း၍ မရတော့သည်အထိ ကြီးမားခဲ့ပြီး ဗြိတိသျှတပ်များ အထက်ဗမာပြည်ကို သိမ်းပိုက်သည့် အချိန်အထိ ဖြစ်နေခဲ့ပေ သည်။
အဆိုပါ ပဋိပက္ခများကို ဖြေရှင်းရန် တစ်ခုတည်းသော အဖြေမှာ ဗမာပြည်ကို သိမ်းယူထားသည့် ဗြိတိသျှ အစိုးရကို သျှမ်းပြည်သို့တက်၍ စီမံခန့်ခွဲရန် အကူအညီတောင်းရန်ဟူသော အချက်ဖြစ်လာခဲ့သည်ဟု သုံးသပ်ရပါ သည်။ ထိုအချက်ကို လက်တွေ့အကောင်အထည်ဖော်ရာတွင် ဦးဆောင်သူများမှာ ဗြိတိသျှအစိုးရထံတွင် စောစွာ ဝင်ရောက်သစ္စာခံခဲ့သည့် တဘက်မြို့စားစဝ်ခွန်နု(နောင်အခါ ရပ်စောက်စော်ဘွားဖြစ်လာသူ)၊ သီပေါစော်ဘွား စဝ်ကြာခိုင်(စဝ်ခွန်ဆိုင်)နှင့် ညောင်ရွှေစော်ဘွားစဝ်မောင်တို့ဖြစ်ကြသည်ကို ဇော်လွင်ဦး(ဟင်္သာတ)၏ ရပ်စောက် သမိုင်း ရပ်စောက်မှတ်တမ်းစာအုပ်နှင့် သထုံမြို့စား စဝ်ခွန်ကြည်ရေးသားသည့် သျှမ်းပြည်အမှားတော်ပုံစာအုပ်တွင် ဖော်ပြထားပါသည်။ အဆိုပါ သျှမ်းနယ်ရှင်သုံးပါး၏ ဆောင်ရွက်ချက်နှင့် ဗြိတိသျှအစိုးရ၏ သျှမ်းပြည်ပဋိပက္ခအရပ် ရပ်ကို ဖြေရှင်းနိုင်ရန်အတွက် သျှမ်းပြည်ကို စစ်တပ်နှင့် ချီတက်သိမ်းယူ၍ စော်ဘွား၊ မြို့စားအုပ်ချုပ်ရေးစနစ်ကို ဆက်လက်ထားရှိကာ အိန္ဒိယ မဟာရာဇာများကဲ့သို့ အုပ်ချုပ်ခွင့်ပေးရန်ဟူသော အချက်တို့သည် သျှမ်းပြည်တွင် ဗြိတိသျှအုပ်ချုပ်ရေးစနစ်စတင်ရန် အခြေခံအကြောင်းရင်းဖြစ်လာခဲ့ပေသည်။
ကျမ်းကိုး-
၁။ ခွန်ကြည်(သထုံမြို့စား)။ သျှမ်းပြည်၏ အမှားတော်ပုံ။ ၁၉၄၀။ မြန်မာ့အလင်း။ ရန်ကုန်မြို့။
၂။ စိုင်းခမ်းမိုင်း။ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းမှ သျှမ်းပြည်နယ်။ ၂၀၂၃(ပထမအကြိမ်)။ Tri Awards Co., Ltd။ ရန်ကုန်မြို့။
၃။ ဇော်လွင်ဦး(ဟင်္သာတ)။ ရပ်စောက်သမိုင်း ရပ်စောက်မှတ်တမ်း။ ရပ်စောက်မြို့စစ်တမ်း။ ၂၀၁၉ခုနှစ်၊ မေလ။ ရွှေနှလုံးသားစာပေ။ ဟင်္သာတမြို့။
၄။ တင်မောင်ရင်၊ ဦး။ ခေတ်မြန်မာတည်ဟန်(Dorothy Woodman; THE MAKING OF BURMA)။ ၂၀၀၈(ဒုတိယ အကြိမ်)။ ရာပြည့်စာအုပ်တိုက်။ ရန်ကုန်မြို့။
၅။ မကြန်။ မဟာဝန်ရှင်တော်မင်းကြီးအုပ်ချုပ်ရေး။ ၂၀၀၃(ပထမအကြိမ်)။ မြန်မာ့ရတနာစာပေ။ ရန်ကုန်မြို့။
၆။ သုခမိန္ဒ၊ အရှင်(တန့်ယန်း)။ သျှမ်းတိုင်းရင်းသားများ၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများ။ ၂၀၁၃(ဒုတိယ အကြိမ်)။ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန။ ရန်ကုန်မြို့။
၇။ အုန်းဖေ၊ ဦး။ ပင်လုံစစ်တမ်း။ ၁၉၈၄(ပထမအကြိမ်)။ စပယ်ဦးစာပေဖြန့်ချီရေး။ ရန်ကုန်မြို့။
တွဲဖက်လေ့လာသည့်စာအုပ်များ-
– SCOTT.J. GEORGE, GAZETTEER OF UPPER BURMA AND THE SHAN STATE, PART I, VOL-II/ PART II, VOL- I, II, III, Superintendent, Government Printing Press,RANGOON, 1901.