ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ

ahadmin
16/11/2022
Share:

လက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အင်အား အကြမ်းဖျင်း ၆၅,၀၀၀ ဝန်းကျင်ခန့်ရှိသည်ဟု USIP website ၌ လေ့လာဖတ်ရူ့ရပါသည်။ ထိုအထဲက ၂၀% ရာခိုင်နှုန်းသည် တိုက်ခိုက်ချေမှုန်းရေးစစ်လက်နက်ပစ္စည်းများ ပိုင်ဆိုင်ထားရှိပြီး အခြား ၄၀% ရာခိုင်နှုန်းခန့်သည် လက်လုပ်သေနတ်များ ကိုင်ဆောင်ကြသည်ဟု ဆိုပါသည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းပေါင်း ၃၀၀ ခန့် ဖွဲ့စည်းထားရှိပြီးဖြစ်ပြီး တပ်ရင်းတရင်းလျှင် အင်အား ၂၀၀-၅၀၀ ရှိသည်ဟုဆိုသည်။ နောက်ထပ် တပ်ရင်းပေါင်း ၆၃ ရင်းခန့် တိုးချဲ့ရန်ရှိသေးသည်ဟုဆိုသည်။

အန်ယူဂျီနှင့်၎င်း၏ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ အဓိကချေမှုန်းရေးတပ်ဖွဲ့များအဖြစ် PDF များကို စနစ်တကျ ဖွဲ့စည်းလေ့ကျင့်ပေးကာ လက်နက်များ တပ်ဆင်‌ပေး ထားသည်။

Local Defense Forces
ဒေသကာကွယ်ရေးတပ်ဖွဲ့များ

၂၀၂၂ ခုနှစ်၊ ဧပြီလအထိ အန်ယူဂျီခန့်မှန်းခြေအရ ဒေသကာကွယ်ရေးတပ်ဖွဲ့ပေါင်း ၄၀၁ ဖွဲ့ရှိသည်ဟုဆိုသည်။ ထိုအထဲမှ ၃၅၄ ဖွဲ့က အန်ယူဂျီနှင့် အလွတ်သဘော ပူးပေါင်းဆောင်ရွက်မှုရှိနေသည်။ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်ပေါင်း အနည်းဆုံး ၃၀,၀၀၀ ရှိသည်။ အဖွဲ့တဖွဲ့လျှင် အင်အား ၁ ဒါဇင် မှ ၁ ထောင်ထိ ရှိသည်။ ၆ လအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ ၂၅ % ရာခိုင်နှုန်းခန့်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ အသွင်ပြောင်းခဲ့သည်။ တက်ကြွလှုပ်ရှားသူများကဦးဆောင်သော ဒေသကာကွယ်ရေးတပ်ဖွဲ့များသည် မြို့နယ်အခြေပြု ကာကွယ်ရေးအဖွဲ့ဖြစ်သည်။ ၎င်းတို့၏ မူလရည်မှန်းချက်သည် ကျေးလက်ဒေသတခွင် စစ်တပ်အုပ်ချုပ်မှု မရှိစေရေး ဖြစ်သည်။

People’s Defense Team
ပြည်သူ့ကာကွယ်ရေးအဖွဲ့

People’s Defense Team ပကဖ (ခ) ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို မြို့ပြတိုက်ပွဲများဆင်နွဲနိုင်ရေး ရည်ရွယ်ပြီး အန်ယူဂျီက ဖွဲ့စည်းခဲ့သည်။ မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် မြို့နယ် ၂၅၀ တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းထားပြီးဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့များသည် မြန်မာပြည်အလယ်ပိုင်းဒေသများဖြစ်သော စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသတို့တွင် အဓိက လှုပ်ရှားသည်။ မြို့နယ်တမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၂၀၀၀ ထက်မနည်းရှိသည်။ အများစုသည် လက်လုပ်သေနတ်များကို ကိုင်ဆောင်ကြသည်။

အကြမ်းမဖက်သောနိုင်ငံရေးနည်းလမ်း အလုပ်မဖြစ်တော့သည့်အတွက် PDF/ LDF/ PDT တို့သည် ခုခံတော်လှန်ရေးလှုပ်ရှားရာ အဓိက အဖွဲ့များဖြစ်လာကြသည်။ ပြည်သူလူထုထောက်ခံမှုနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ထောက်ပံ့မှုများကြောင့် တရုတ်နှင့် ရုရှားစစ်လက်နက်ပစ္စည်းများဖြင့် ဆယ်စုနှစ်များစွာ တိုက်ခိုက်ရေးအတွေ့အကြုံရှိသော စစ်တပ်ကို ရင်ဆိုင်နေရသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF/LDF/PDT) သည် အလျင်အမြန် အင်အားကြီးထွားလာနေပါသည်။

ယူကရိန်းနိုင်ငံနှင့် မတူသောအချက်မှာ မြန်မာ့ခုခံလက်နက်ကိုင်တော်လှန်ရေးသည် နိုင်ငံတကာပံ့ပိုးမှု မရရှိသောကြောင့် စာနာနားလည်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ထောက်ပံ့သော လက်နက်များနှင့် မှောင်ခိုစျေးကွက်မှ ဝယ်ယူထားသောလက်နက်များကိုသာ အားထားနေရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် EAOs များနှင့် အခြားမှ လက်နက်များဝယ်ယူရန် ၎င်းတို့၏ကိုယ်ပိုင်ပိုက်ဆံနှင့် ပြည်သူလူထုမှလှူဒါန်းထားသော ငွေကြေးများကို အသုံးပြုရသည်။ အန်ယူဂျီကာကွယ်ရေးဌာန အရာရှိတဦးနှင့် အင်တာဗျုးချက်အရ ခုခံကာကွယ်ရေးအတွက် ဒေါ်လာ ၅၅ သန်း ကောက်ခံရရှိပြီးဖြစ်ကာ လက်နက်ကိုင်ကာကွယ်ရေးအဖွဲ့များအတွက် အသုံးပြုပြီးဖြစ်သည်ဟုဆိုသည်။

၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်း စာရေးသည့်သူ တွေ့ရှိချက်အရ နိုင်ငံတဝန်းလုံး၌ လက်နက်ထုတ်လုပ်ရေး အလုပ်ရုံပေါင်း ၇၀ ကျော်ရှိပြီး ၃၀% ရာခိုင်နှုန်းကို ဒေသတွင်းလိုအပ်သည့်နေရာများကို လက်နက်ထောက်ပံ့ပေးနေသည်။

ပြည်သူလူထုထောက်ခံမှုအရ ယခုအချိန်ထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ရှာဖွေစုဆောင်းရာတွင် အခက်အခဲမရှိသော်လည်း စစ်တပ်အတွက် တပ်ပျက်လျက်ရှိပြီး တပ်သားသစ်ရှာဖွေစုဆောင်းရေးအတွက် ခက်ခဲနေပါသည်။

နိုင်ငံတကာထောက်ပံ့မှုမရရှိပဲ ပြည်သူလူထုကိုသာ အလုံးစုံ အားကိုးအားထားနေရသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် စစ်တပ်က ခုခံကာကွယ်ရေးလှုပ်ရှားမှုနှင့် လူထုအကြား သွေးခွဲမှုပြုလုပ်နိုင်ခဲ့လျှင် ပြည်သူလူထုချစ်ခင်လေးစားမှုကို ဆက်လက်ရရှိရန် ခက်ခဲလာပါမည်။

နောင်နှစ်နွေရာသီမှာ ရွေးကောက်ပွဲကျင်းပပြုလုပ်ရန် ရည်မှန်းထားသော စစ်တပ်/စစ်ကောင်စီသည် ပိုပိုအဆင့်မြင့်လာပြီး ပိုမိုပူးပေါင်းလာမည့် ခုခံကာကွယ်ရေးအဖွဲ့များကို ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။

မှတ်ချက်။ USIP website ၏ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်ပါ ကိုရဲမျိုးဟိန်း၏ Understanding the People’s Defense Forces in Myanmar အင်္ဂလိပ်ဘာသာ ဆန်းစစ်ဝေဖန်သုံးသပ်ချက်မှ ကောက်နုတ် ဖော်ပြပါသည်။

#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/

Photo: USIP website, Adam Dean/The New York Times