နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ပြည်တွင်းစစ်ရေးပဋိပက္ခကို နိုင်ငံရေးနည်းလမ်း ဖြင့်ဖြေရှင်းရန် လိုလားပါကြောင်းနှင့် နိုင်ငံတော်မှ ခွဲထွက်ခြင်း ပြုလုပ်မည်မဟုတ်ပဲ စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တောင်းဆိုခြင်းသာဖြစ်ကြောင်း၊ တရုတ်ကြားဝင်စေ့စပ် ကြိုးပမ်းဆောင်ရွက်မှုအတိုင်း တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သွားမည်ဟု မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA က ယမန်နေ့ ဒီဇင်ဘာလ(၃)ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။
MNDAA အနေဖြင့် နိုင်ငံတော် အချုပ်အခြာ အာဏာနှင့် နိုင်ငံပိုင်နယ်မြေ တည်တံ့ခိုင်မြဲရေးကို တစိုက်မတ်မတ် ထိန်းသိမ်းကာကွယ်မည်ဟု ထုတ်ပြန်ထားပါသည်။
ယနေ့မှစ၍ ရောက်ရာနေရာမှ MNDAA တပ်များ အပစ်ရပ်စဲပြီး စစ်ကောင်စီတပ်များကို အစပြု ထိုးစစ်ဆင် တိုက်ခိုက်မည်မဟုတ်ဟုလည်း ပြောဆိုထားပြီး တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုအောက်တွင် လားရှိုးအပါအဝင် သက်ဆိုင်ရာကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးသော နည်းလမ်းဖြင့်ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။
ထုတ်ပြန်ချက်ထဲတွင် စစ်ကောင်စီက မြန်မာနိုင်ငံအနှံ့ ဝေဟင်နှင့် မြေပြင်ထိုးစစ်များရပ်ဆိုင်းပေးရန်၊ တွေ့ဆုံဆွေးနွေးရာတွင် MNTJP/MNDAA အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မည်ဖြစ်ပြီး နှစ်ဦးနှစ်ဖက် ကြားရှိ ပဋိပက္ခများနှင့် အမြင်သဘော ထား ကွဲလွှဲမှုများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသွားနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း တောင်းဆိုထားပါသည်။
MNDAA သည် နိုင်ငံရေးနည်းလမ်းကို အားပေးထောက်ခံသော်လည်း ခုခံကာကွယ်ခွင့်အား ယခင်နည်းတူ ဆက်လက်စွဲကိုင်သွားမည်ဟုလည်း ထုတ်ပြန်ချက်မှာ ပြောဆိုထားပါသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ(၂၅)ရက်က စစ်ရေးတင်းမာမှုများ တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အမြဲတမ်းအသင့်ရှိကြောင်း PSLF/TNLA ကလည်း ထုတ်ပြန်ထားပြီး သိပ်မကြာခင် စစ်ကောင်စီမှ ကျောက်မဲမြို့ကို လေကြောင်းဖြင့်တိုက်ခိုက်ကာ အရပ်သား (၁၀)ဦး သေဆုံးမှုများရှိခဲ့ကြောင်း သိရှိရပါသည်။