ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
တောင်ကြီးမြို့ ညို့မီးဝါးလှ ကျေးရွာအနီးရှိ မြို့ရှောင်လမ်းဘေးဝဲ/ယာ မြေနေရာများ အားစစ်ကောင်စီကအစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေဟုဆိုကာ သိမ်းဆည်းမည်ဖြစ်ကြောင်း သတိပေးစာများသည် မြို့ခံပြည်သူ များကြား ပျံ့နှံ့လျှက်ရှိပြီးဝေဖန်မှုများမြှင့်တက်နေကြောင်း သိရသည်။
တောင်ကြီးမြို့နယ် ၊ထီဖောင်းကြေးရွာအုပ်စု ၊ညို့မီးသရက်ပင်ကျေးရွာ ၊နောင်ထလီကျေးရွာ ၊ ညို့ မီးဝါးလှ ကျေးရွာအနီးရှိ မြို့ရှောင်လမ်းဘေးဝဲ/ယာ မြေနေရာများ ၊ ကမ္ဘောဇသွား လမ်းဘေးဝဲ/ယာ မြေနေရာများ အနီးပတ်ဝန်းကျင်တွင်မြေကွက်များ ဖော်ထုတ်ပြီး ၊ အဆောက်အဦးဆောက်လုပ်ခြင်း ၊ အုတ်တံတိုင်းများ ကာရံခြင်း ၊ ကျောက်တိုင်များ စိုက်ထူခြင်းအပေါ် စစ်ကောင်စီက အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေဟုဆိုကာ ၁၅ ရက်အတွင်းဖယ် ရှားပေးရမည်ဖြစ်ကြောင်း ဇွန်လ ၁၈ ရက်နေ့က ထုတ်ပြန်ထားသည်။
“ အဓိကက ငွေညစ်ချင်လို့ပေါ့ ၊ သူတို့ပြောတဲ့ အစိုးရပိုင် ဆိုရင် အရောင်းအဝယ်တွေ သောက်သောက်လဲဖြစ်နေကတည်းက လာတားလေ ခုမှ အကုန်သူတို့ဟာ၊ လူနေ အိမ်ဆောက်ချင်ရင် လာလျှောက် အခွန်ဆောင်ပေါ့ မလျှောက်နိုင်တဲ့ဟာတွေကတော့ မသိဘူး သိမ်းမှာပေါ့” ဟု တောင်ကြီး အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကပြော သည် ။
၄င်းမြေနေရာများသည် ပန်သခွားကျေးရွာ၊ထီဖောင်းကျေးရွာအုပ်စုအတွင်းရှိ သစ်တောကြိုးဝိုင်း ၊ နောင်ထလီကျေးရွာ ၊ ညို့မီးဝါးလှ ၊ ညို့မီးသရက်ပင်ကျေးရွာ ၊ ညိုမီးဘုရားကုန်းကျေးရွာတို့မှ မြေများဖြစ်ပြီးယင်းနယ်နိမိတ်အတွင်း အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေဧက ပေါင်း (၃၆၉.၄၇) ဧက ရှိသည်ဟု စစ်ကောင်စီက သတိပေးစာတွင် ဖော်ပြထားသည်။
စစ်ကောင်စီက အခွင့်အမိန့်မရရှိပဲ တရားမဝင်လူနေအိမ်ဆောက်လုပ်သည်ဟုဆိုကာ ၄င်းမြေပေါ်တွင် လက်ရှိနေထိုင်ခြင်းမပြုရန်နှင့် ထွက်ခွာသွားရမည်ဖြစ်ပြီး ၄င်းမြေပေါ်ရှိ နိုင်ငံပိုင်ပစ္စည်းမှတစ်ပါး အခြားအရပ်ရက်ပစ္စည်းများကိုလည်း အမိန့်စာပါ ရက်စွဲမှ စတင်၍ ၁၅ ရက်အတွင်း ရွေ့ပြောင်းထုတ်ယူရမည်ဟု ပါရှိသည်။
လိုက်နာရန်ပျက်ကွက်ပါက ၁၈၈၉ ခုနှစ်အထက်မြန်မာနိုင်ငံ မြေနှင့်အခွန်စည်းမျဥ်းဥပဒေ ၊ နည်းဥပဒေတို့အရ အရေးယူခြင်းခံရမည် ဟု ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ဇွန်လမှစတင်ကာ ယင်းသို့သတိ ပေးစာများထုတ်ပြန်ပြီးနောက် ဖာမွန်းကျေးရွာအုပ်စုအတွင်းနေထိုင်သည့် လူနေအိမ်တော်တော်များများဖယ်ရှား ဖျက်ပေးခဲ့ရကြောင်းတောင်ကြီးမြို့ခံများထံမှ သိရှိရပါသည်။