ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဗန်းမောက်ကျေးရွာကို ရောက်ရှိနေကြတဲ့ ကရင်နီပြည်၊ လွိုင်ကော်မြို့က စစ်ရှောင် ၆၀၀ ဝန်းကျင်အတွက် စားနပ်ရိက္ခာ အဝတ်အထည်နဲ့စောင်တွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေ ဆီကသိရပါတယ်။
“ ဒီကိုရောက်လာကြတဲ့ စစ်ရှောင်တွေက လွိုင်ကော်ကနေ တိုက်ပွဲတွေကြား ကိုယ်လွတ်ရုန်းရောက်လာကြတော့ ဘာအသုံးအဆောင်ပစ္စည်းတွေမှ မယူလာနိုင်ကြဘူး ၊ နံပါတ် ၁ အရေးကြီးလိုအပ်နေတာကတော့ စားနပ်ရိက္ခာပေါ့ အခုလက်ရှိက မလုံလောက်နိုင်တော့ဘူး” လို့ စစ်ရှောင်တွေကို ကူညီပေးသူတစ်ဦးကပြောပါတယ်။
လွိုင်ကော်စစ်ရှောင်တွေဟာ ဗန်းမောက်ကျေးရွာကို ရောက်ရှိနေတာ နှစ်ပါတ်ခန့်ရှိနေပြီဖြစ်ပြီး လက်ရှိ ကျေးရွာ ဘုန်းကြီးကျောင်းမှာပဲ တည်းခိုနေကြတယ်လို့ဆိုပါတယ်။
စစ်ရှောင်တွေဟာ နေရာထိုင်ခင်းလည်း မလုံလောက် တာကြောင့် တစ်ချို့တွေဟာ ကားပေါ်မှာ အိပ်နေကြတာရှိသလို ဘုန်းကြီးကျောင်းအောက်ထပ်က မြေကြီးပေါ် မှာ အခင်း အကာမဲ့ နေထိုင်ရတာကြောင့် နေရာထိုင်ခင်းအတွက်လည်း အရေးတကြီး လိုအပ်နေတယ်လို့ သိရပါတယ်။
ဗန်းမောက်ကျေးရွာမှာ စစ်ရှောင်တွေကို လက်ခံထားနိုင်ပေမဲ့ လူဦးရေများတာကြောင့် ရေရှည်မှာ စားဝတ်နေရေးအပြင် ဆောင်းတွင်းဖြစ်တဲ့အတွက် အဝတ်အထည် နဲ့ စောင်တွေလည်း လိုအပ်တာကြောင့် အကူအညီပေးကြဖို့ တောင်းဆိုထားပါတယ်။