ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ရာသီသစ်အတွက် စိုက်ပျိုးရန်ပင် အရင်းအနှီးမရှိတော့သည့် တောင်သူဦးကြီးများ၏ အခြေအနေ

နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ရာသီသစ်အတွက် စိုက်ပျိုးရန်ပင် အရင်းအနှီးမရှိတော့သည့် တောင်သူဦးကြီးများ၏ အခြေအနေ

Hsan Loi Editor
01/05/2024
Share:

 

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် တနိုင်ငံလုံး မတည်မငြိမ်ဖြစ်ပေါ်ခဲ့ပြီး ယနေ့အထိ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်သွယ်စီးဆင်းမှုများစွာ ထိခိုက်လျက်ရှိသည်။ အထူးသဖြင့် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် အခြေခံလူတန်းများအပေါ် များစွာရိုက်ခတ်ခဲ့ပြီး တောင်သူဦးကြီးများလည်း အရှုံးပေါ်လျက်ရှိသည်။ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့လာသည်ဟု ညွှန်းဆိုထားသော်လည်း မြေပြင်တွင် တောင်သူများ အရှုံးပေါ်နေသလို စိုက်ပျိုးရန်ပင် ခက်ခဲနေသည်မှာ အမှန်တကယ်ပင်ဖြစ်သည်။

 

သျှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ စစ်ဆင်ရေး ၁၀၂၇ ကာလအတွင်း လမ်းတံတားများစွာ ဖျက်ဆီးခြင်းခံခဲ့ရပြီး ယနေ့အထိ ပြန်လည်ပြုပြင်နိုင်ခြင်းမရှိသေးပါ။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာမှုနှင့်အတူ ဒေသထွက်ကုန်များ ပြည်ပသို့ တင်ပို့ရောင်းချရာတွင်လည်း ခက်ခဲလာပြီး မှန်ကန်သည့်ဈေးနှုန်းရရှိရန် ခက်ခဲနေသည်။

 

ပျက်စီးနေသည့် အချို့သော တံတားများအား ဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများက ယာယီတံတားများ တည်ဆောက်ပေးသော်လည်း ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာနိုင်သည့် အနေအထားမရောက်ရှိသေးပါ။ ဒါ့အပြင် အဆိုပါယာယီတံတားများကို ဖြတ်သန်းမည်ဆိုပါက အိမ်စီးကားတစ်စီးလျှင် တစ်ခါြဖတ်သန်းခ(၂၅၀၀၀)ကျပ်အထိ ပေးဆောင်နေရခြင်းကြောင့် ခရီးသွားလာရာတွင် ကုန်ကျစရိတ်များစွာပေးနေရသည်။

 

“ကျောက်မဲနဲ့သီပေါကြားက ကျင်သီတံတားနဲ့ သီပေါနဲ့လားရှိုးကြားက စဉ့်အင်တံတားကို အဖွဲ့အစည်းတွေက ယာယီတံတားတွေထိုးပြီး အိမ်စီးကားတွေနဲ့ ၆ ဘီးယာဉ်တွေလောက်ပဲ ဖြတ်သန်းသွားလာလို့ရသေးတယ်။ အိမ်စီးကားတစ်ခါဖြတ်သန်းခကိုလည်း တစ်စီးကို(၂၅၀၀၀)ကျပ်အထိပေးရတော့ ကားခတွေလည်း တက်ကုန်တာပေါ့။ ဒီကြားထဲ ဓာတ်ဆီဈေးတွေကလည်းတက်တယ်လေနော်။ ပြီးတော့ လမ်းမှာလည်း အဖွဲ့အစည်းအစုံကို လမ်းကြေးတွေပေးနေရတော့ ခရီးသွားလာရတာ အဆင်မပြေတော့သလို ကုန်ကျစရိတ်လည်း အများကြီးကုန်တယ်။”ဟု တောင်ကြီး-လားရှိုးကို ခရီးသည်တင်ယာဉ်မောင်းနှင်နေသော ယာဉ်မောင်းတစ်ဦးက ဆိုသည်။

 

ထို့အတူ ဒေသထွက်ကုန်များဖြစ်သော ပြောင်းဖူး၊ ဖရဲသီးနှင့် ကြံ စသည်တို့လည်း ယခုနှစ်တွင် မတန်တဆ ဈေးကျလျက်ရှိပြီး အရင်းပင်မကျေကြောင်း စိုက်တောင်သူတစ်ဦးက ပြောပြသည်။

 

“ကျနော်ကတော့ ကြံကိုပဲအဓိကထားစိုက်တာပေါ့။ ကြံစိုက်တာက ကြံကုမ္ပဏီဖြစ်တဲ့ ငွေရည်ပုလဲ အတိုးမဲ့ စိုက်ပျိုးစရိတ်တွေ ကြိုထုတ်ပေးတော့ စိုက်ပျိုးနိုင်တယ်။ ဒါပေမယ့် ကြံခုတ်ခက လူငှားရင် တစ်ယောက်ကို အနည်းဆုံးတစ်ရက်တစ်သောင်းပေးရတယ်။ ကြံတင်ခနဲ့ ကားခကျတော့ တစ်တန်ကို (၄၅၀၀၀)လောက်ကျနေပြီဆိုတော့ တကယ်ပြန်တွက်ရင် ကိုယ့်လုပ်အားခတောင်မကျန်ဘူးဗျာ။ ဒီနှစ်ကတော့ တော်တော်ကိုအရှုံးပေါ်ပါတယ်။ ကားခလည်း မနှစ်ကထက်အများကြီး ပိုများလာတယ်။”ဟု ကျောက်မဲမြို့နယ် ကြံစိုက်တောင်သူတစ်ဦးကလည်း ပြောပြသည်။

 

ကြံတင်ကားများကို ဒေသတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများက အခွန်အခများစွာ တောင်းခံမှုကြောင့် ကားပိုင်ရှင်များကလည်း ကြံစိုက်ပျိုးတောင်သူများအပေါ် ကားခဈေးပိုတောင်းခြင်းဖြစ်သည်။ ထို့အတူ မကြာသေးခင်က မိုင်းလားသို့ တင်ပို့ရောင်းချသည့် ဖရဲသီးနှင့်သခွားမွေးစသည့် ဒေသထွက်ကုန်များကို တရုတ်နိုင်ငံက ဝယ်ယူခြင်းမရှိသောကြောင့် စွန့်ပစ်ရသည်အထိ ဖြစ်ပေါ်ခဲ့သည်။

 

အလားတူ တရုတ်နိုင်ငံကို အဓိကထား တင်ပို့ရောင်းချသည့် ပြောင်းဖူးဈေးလည်း ယခုနှစ်တွင် ဈေးအဆမတန် ကျဆင်းပြီး တောင်သူများအရှုံးပေါ်သလို ရာသီသစ်အတွက် စိုက်ပျိုးရန်ပင် ခက်ခဲလျက်ရှိသည်။

 

“အရင်နှစ်ကဆိုရင် သင်္ကြန်နောက်ပိုင်းမှ ပြောင်းဖူးအခြောက် ရောင်းမယ်ဆိုရင် ဈေးကောင်းရတယ်ပေါ့နော်။ မနှစ်တုန်းက ဒီအချိန်မှာရောင်းရင် ပြောင်းဖူးအခြောက်ဈေးက တစ်ပိဿာကို (၁၂၀၀) ကျပ်အထိရတော့ အဆင်ပြေတယ်။ ဒီနှစ်ကတော့ ဧပြီလကုန်လောက်အထိ ပြောင်းဈေးတွေက တက်မလာတဲ့အပြင် တစ်ပိဿာကို (၈၀၀)ကျပ်လောက်ပဲရှိတော့တယ်။ ရာသီသစ်အတွက် စိုက်ရမယ့်အချိန်လည်း နီးလာပြီဆိုတော့ မဖြစ်မနေရောင်းရတော့မှာပဲ။ အရှုံးခံပြီးရောင်းရတာပေါ့။

 

ပြီးတော့ ပြောင်းမျိုးစေ့တစ်အိတ်ကိုကျတော့ (၁၃၀၀၀၀)အထိ ပေါက်နေပြီ မြေဩဇာခ၊ လူငှားခ၊ ထယ်ခထွန်ခတွေနဲ့ဆိုတော့ တချို့တွေတော့ မစိုက်နိုင်တော့ဘူးလို့ ပြောတယ်။ ဒါမှမစိုက်ရင်လည်း ကျနော်တို့မှာ ဘာမှမလုပ်တတ်ဘူးလေ။”ဟု နမ့်လန်မြို့နယ်က ပြောင်းစိုက်တောင်သူတစ်ဦးကလည်း ပြောပြသည်။

 

နိုင်ငံရေးမတည်ငြိမ်မှု၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲလာမှု၊ အဖွဲ့အစည်းပေါင်းစုံ၏ လမ်းကြေးကောက်ခံမှုများကြောင့် တောင်သူဦးကြီး၏ လက်ရှိကြုံတွေ့နေရသော အခြေအနေများကို တင်ဆက်ပေးခြင်းဖြစ်သည်။