ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

နိုင်ငံခြားသို့ တိမ်းရှောင်ထွက်ပြေးမည့်သူများ၏ ပိုင်ဆိုင်မှုများအား RCSS က သိမ်းယူမည်ဟု မပြောဆိုခဲ့ပါ၊ မိဘပြည်သူများ၏ အိုးအိမ်စည်းစိမ်အား ကာကွယ်စောင့်ရှောက်ထားရန်သာဖြစ် 

နိုင်ငံခြားသို့ တိမ်းရှောင်ထွက်ပြေးမည့်သူများ၏ ပိုင်ဆိုင်မှုများအား RCSS က သိမ်းယူမည်ဟု မပြောဆိုခဲ့ပါ၊ မိဘပြည်သူများ၏ အိုးအိမ်စည်းစိမ်အား ကာကွယ်စောင့်ရှောက်ထားရန်သာဖြစ် 

Hsan Loi Editor
20/02/2024
Share:

 

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၁၉)ရက်နေ့ ယမန်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော်(RCSS/SSA) က မြေယာဥပဒေနှင့် စစ်မှုထမ်းဥပဒေများ ထုတ်ပြန်ခဲ့သည်။ ၎င်းထုတ်ပြန်ချက်ကြောင့် ပြည်သူများသည် RCSS က ၎င်းတို့ပိုင်ဆိုင်သော မြေယာများနှင့်ပိုင်ဆိုင်မှုများအား သိမ်းယူမည်ကို စိုးရိမ်ကြီးခဲ့သည်။

 

အဆိုပါကိစ္စနှင့်ပတ်သက်၍ RCSS အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက “ဒေသအတွင်းမှာ (၃)နှစ်နှင့်အထက် စိုက်ပျိုးခြင်းမရှိတဲ့ မြေယာများကို ထိန်းသိမ်းပြီးတော့ အဲ့ဒေသက ပြည်သူတွေကိုပဲ အပ်နှင်းပြီးတော့ ဆက်လက်ထိန်းသိမ်းသွားစေမှာဖြစ်တယ်။ RCSS ကနေ သိမ်းယူသွားမှာမဟုတ်ဘူး။ အခုလိုထုတ်ပြန်ရတာကလည်း ဒေသခံပြည်သူတွေရဲ့ မြေယာတွေကို ကာကွယ်ထားရန် ရည်ရွယ်တယ်။

 

RCSS ရဲ့ မြေယာဥပဒေလည်း ထုတ်ပြန်ထားတာကြာပြီ။ အခုမှ အရေးကြီးတဲ့အချက်အလက်တွေကို ပြည်သူများကို ချပြပေးတာဖြစ်တယ်။ ကိုဗစ်ကာလနှင့် စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူတွေ အများအပြား အိုးအိမ်စည်းစိမ်တွေစွန့်ခွာပြီး နိုင်ငံရပ်ခြားကို ထွက်ပြေးကုန်ကြတယ်။ နောက်ပိုင်း ကျနော်တို့ရဲ့ မျိုးဆက်သစ်တွေက သူများနိုင်ငံသားလည်းမဟုတ် ကိုယ့်ရေကိုယ့်မြေကို ပြန်လာရင်လည်း နေစရာမရှိတော့ဘူး။ အဲ့ဒါကြောင့် ဒီမြေယာဥပဒေက ကျနော်တို့ရေမြေကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်ဖြစ်တယ်။ RCSS က သိမ်းယူမှာမဟုတ်ဘူး။ ကျေးရွာက ထိန်းသိမ်းသွားမှာဖြစ်ပါတယ်။ တချို့တွေက သူများတွေကို ရောင်းချပြီး ထွက်ပြေးကုန်ကြလို့ ကိုယ့်ရေမြေကို ထိန်းသိမ်းလိုတဲ့အတွက် အခုလိုထုတ်ပြန်တာဖြစ်တယ်။” ဟု Tai TV Online အား ဖြေကြားခဲ့သည်။

 

အဆိုပါ ထုတ်ပြန်ချက်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများအား အကြောင်းကြားခြင်းမရှိဘဲ နယ်မြေတာဝန်ခံများ၏ ခွင့်ပြုချက်မရဘဲ မိမိအိုးအိမ်များကို စွန့်ခွာထွက်ပြေးကြပါက ၎င်းတို့၏ အိုးအိမ်စည်းစိမ်များအား ကျေးရွာက သိမ်းဆည်းထားမည်ဖြစ်သည်ဟု ဖော်ပြထားသည်။

 

မိမိ၏ မြေယာများအား ခွင့်ပြုချက်မရဘဲ အခြားသူများထံ ရောင်းချခြင်းမပြုရ။ မိမိ၏ မြေယာများအား ထွန်ယက်စိုက်ပျိုးခြင်းမရှိဘဲ စွန့်ပစ်မထားရ။ အဆိုပါ မြေယာများအား ထွန်ယက်စိုက်ပျိုးပြီး ကျေးရွာ၏ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များတွင် ပါဝင်ရမည်ဖြစ်သလို (၃)နှစ်ဆက်တိုက် ထွန်ယက်စိုက်ပျိုးခြင်းမရှိပါက ကျေးရွာပိုင်အဖြစ်သိမ်းဆည်းမှာဖြစ်သည်။

 

၎င်းထုတ်ပြန်ချက်တွင် သျှမ်းပြည်နယ်တွင် နေထိုင်သော မည်သည့်တိုင်းရင်းသားမဆို သျှမ်းပြည်ကို ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိသည်။ ဒါ့ကြောင့် အသက်(၁၈)နှစ်မှ (၄၅)နှစ်အတွင်း မိမိအမျိုးသားရေးတာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။

 

အသက်(၁၈)ပြည့်ပြီးသူများသည် (၆)နှစ် စစ်မှုထမ်းဆောင်ရန်ဖြစ်သည်။ တက္ကသိုလ်တစ်ခုခုတွင် အောင်မြင်ပြီးသူများက ရုံးလုပ်ငန်းနှင့်ဆရာ/မများအဖြစ်တာဝန်ထမ်းဆောင်ရန်ဖြစ်သည်။ အလားတူ စက်မှုကျွမ်းကျင်များ၊ လျှပ်စစ်ကျွမ်းကျင်များ၊ စက်ပြင်ကျွမ်းကျင်များ၊ IT ပညာရှင်များ၊ Drone ပညာရှင်များ၊ Website ပညာရှင်များ၊ သမိုင်းသုတေသနပညာရှင်များ၊ စည်းရုံးရေးကျွမ်းကျင်ပညာရှင်များကလည်း မိမိကျွမ်းကျင်ရာများကို တာဝန်ယူဆောင်ရွက်ရန်ဖြစ်သည်။

 

ယခုအချိန်သည် မိမိအမျိုးသားရေးတာဝန်ကို ထမ်းဆောင်ကာ မိမိရေမြေကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ပြီး ထိုင်း၊ တရုတ်၊ လာအိုနှင့် နိုင်ငံရပ်ခြားသို့ ရောက်ရှိနေသော ပြည်သူများသည်လည်း မိမိအမျိုးသားရေးတာဝန်ထမ်းဆောင်ရန် သတင်းပေးပို့ အကြောင်းကြားကြရန် တိုက်တွန်းထားသည်။

Source&Tai TV Online