ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၌ စစ်ဘေးရှောင်တစ်သောင်းကျော်အတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးများ အထူးလိုအပ်လျက်ရှိကြောင်း သတင်းရရှိသည်။
နမ့်ခမ်းမြို့နယ် ပြည်သူ့ဆေးရုံ တိုက်ခိုက်ခံခဲ့ရသည့်အပြင် ဆေးရုံအတွင်းဆေးဝါးများအား လက်နက်ကိုင်အဖွဲ့အစည်းများက ဝင်ရောက်ယူဆောင်သွားမှုကြောင့် ဆေးဝါးပြတ်လပ်မှုပါ ဖြစ်ပေါ်လျက်ရှိသည်ဟုဆိုသည်။
“ တိုက်ပွဲစဖြစ်ကတည်းက ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ နေရာတွေကို လက်နက်ကိုင်တွေက ဝင်နေကြတယ်။ ပြီးတော့ စစ်ကောင်စီတပ်ဘက်ကလည်း ဆေးရုံကိုပါမချန် လက်နက်ကြီးတွေနဲ့ပစ်တော့ ဆေးရုံလည်းပိတ်ထားရတယ်။ အခုဆိုရင် နမ့်ခမ်းမှာဆရာဝန်တွေလည်းမရှိဘူး ဆေးတွေလည်းမရှိဘူး မူဆယ်မြို့ကို သွားပြရအောင်ကလည်း လမ်းတွေပိတ်ကုန်ပြီ။ ပြီးတော့ စစ်ဘေးရှောင် တစ်သောင်းကျော်အတွက် နေ့တိုင်း ဆေးဝါးတွေနဲ့ကျန်းမာရေးစောင့်ရှောက်မှုက လိုကိုလိုအပ်နေတယ်။ မန့်ဝိန်းဘက်သွားပြမယ်ဆိုရင်လည်း ဆေးရုံအဆင့်မဟုတ်တော့ အဆင်မပြေဘူး။” နမ့်ခမ်းမြို့ စစ်ဘေးရှောင်များအား ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ဆိုသည်။
နမ့်ခမ်းမြို့တွင် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်တို့ ယနေ့အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလျက်ရှိပြီး ပြည်သူလူထုနေအိမ် (၁၅၀) ခန့် ထိခိုက်ပျက်စီးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။