ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ထိုင်းပါလီမန် ဥက္ကဌ ဖြစ်လာသည့် Mr. Wan Muhamad Noor Matha သည် ထိုင်းနိုင်ငံတောင်ပိုင်း မွတ်စလင်အများစု အခြေပြုရာဒေသမှ မွတ်ဆလင်နိုင်ငံရေးသမား တဦးဖြစ်သည်။ ဇူလိုင်လ ၄ ရက်နေ့တွင် ပြိုင်ဘက်မရှိ အဆိုပြုရွှေးချယ်ခံရသူတဦးဖြစ်သည်။ မေလ ၁၄ ရက်နေ့က အနိုင်ရရှိသွားသော Move Forward ပါတီခေါင်းဆောင် လူငယ်လူလတ်တန်း နိုင်ငံရေးသမားသစ် Mr. Pita Limjaroenrat ၏ ကနဦး အဆိုပြုရွှေးချယ်ခံရသူလည်းဖြစ်သည်။
ပါလီမန် ဥက္ကဌနှင့်အတူ ဒုတိယ ဥက္ကဌ ၂ ဦးတို့ကို ပါလီမန်အဖွဲ့ဝင်များက ရွှေးချယ်မဲပေးခဲ့ကြသည်။
Wan Muhamad Noor Matha သည် အသက် ၇၉ နှစ်ရှိပြီဖြစ်သည်။ ပါလီမန်အဖွဲ့ဝင်များနှင့် ပြည်သူလူထုရှေ့မှောက်၌ ထိုင်းဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့်အညီ၊ ပါလီမန်စည်းမျဉ်းစည်းကမ်းများနှင့်အညီ၊ မှန်မှန်ကန်ကန် ပွင့်လင်းမြင်သာမှုရှိရှိဖြင့် တာဝန်ခံ ဆောင်ရွက်သွားမည်ဟု သူ ကတိပြုခဲ့သည်။
နိုင်ငံရေးအရ သမာသမတ်ကျကျ ဘက်မလိုက်ပဲ တာဝန်ယူဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ် ဟု သူက ပြောကြားခဲ့သည်။
ပါလီမန်အဖွဲ့ဝင်များ တင်သွင်းမည့် ဥပဒေမူကြမ်းများအပေါ် ဆွေးနွေးခြင်း မေးမြန်းခြင်း ညှိနှိုင်းခြင်း ဖြေရှင်းခြင်း ရုပ်သိမ်းခြင်း အတည်ပြုခြင်းကို ထိုင်းပြည်သူလူထုအကျိုးစီးပွားအလို့ဌာ အခြား ပါလီမန် ဒုဥက္ကဌ ၂ ဦးနှင့်အတူ တာဝန်ယူဆောင်ရွက်သွားရမည်ဖြစ်သည်။
ပြည်သူလူထုကြုံတွေ့နေရသော ပြဿနာများကို ဖြေရှင်းပေးသွားရမည်ဖြစ်သကဲ့သို့ ဒီမိုကရေစီစနစ်ပိုမိုနိူးကြားလာအောင်လည်း ပါလီမန်ကော်မတီအဖွဲ့ဝင်များနှင့်အတူ ကြိုးပမ်းဆောင်ရွက် သွားမည်ဟုပါ ကတိပေးလိုက်သည်။
Wan Muhamad Noor Matha သည် Prachachat Party ခေါင်းဆောင်ဖြစ်သည်။ မေလက မဲအများဆုံး အနိုင်ရရှိခဲ့သော Move Forward ပါတီ၊ Pheu Thai ပါတီ၊ အခြား ပါတီ ၅ ခုတို့နှင့်အတူ ပါတီ ၈ ခုပေါင်း၍ ညွန်းပေါင်းအစိုးရ ဖွဲ့စည်းထားသည်။
ပီတာ ဦးဆောင်သော Move Forward ပါတီ က ပါလီမန်အတွင်း ၁၅၁ နေရာ အနိုင် ရရှိခဲ့သည်။
ပါလီမန်အတွင်း (House of Representatives/တိုက်ရိုက်ရွှေးကောက်ခံရသည့်) ပါလီမန်အမတ် နေရာ ၅၀၀ အတွက် ၎င်းတို့ညွန့်ပေါင်းအစိုးရဖွဲ့သည့် ၃၁၂ နေရာသာ ရရှိထားသည်။
ပါလီမန်ဥက္ကဌ နေရာကို မည်သည့်ပါတီက ရသင့်ကြောင်း Move Forward ပါတီ (အနိုင်ရပါတီ) နှင့် Pheu Thai ပါတီတို့အကြား ယခင်လကတည်းက အချေအတင်အငြင်းအခုံ မတင်မကျဖြစ်နေခဲ့သည်။
ဇူလိူင်လ ၃ ရက်နေ့ရောက်မှ Prachachat ပါတီ ခေါင်းဆောင် Wan Muhamad Noor Matha ကို သဘောတူလက်ခံခဲ့ကြပြီး ပါလီမန်ဥက္ကဌနေရာ ပြီးဆုံးခဲ့သည်။
ထိုင်းပါလီမန်သည် တိုက်ရိုက်ရွှေးကောက်တင်မြောက်ခံရသည့် ပါလီမန်အဖွဲ့ဝင်များနှင့် ဆီနိတ်တာများ အတူတကွ ထိုင်ပြီး အငြင်းအခုံလုပ်ရသည့် ရောနှောပါလီမန်အမျိုးအစားဖြစ်သည်။ ပါလီမန်အမတ်များအချင်းချင်းကြား အငြင်းအခုံဖြစ်သည့်ကိစ္စများကို ပါလီမန်ဥက္ကဌက သမာသမတ်ကျကျ ထိန်းကျောင်းပေးရသည်။
ပီတာ ဝန်ကြီးချုပ်ဖြစ်ရန် တိုက်ရိုက်ရွှေးကောက်ခံရသည့် ပါလီမန်အမတ် ၅၀၀ ဦးနှင့် ထိုင်းစစ်တပ်က အဆိုပြုခန့်အပ်ထားသည့် ဆီနိတ်တာ အမတ် ၂၅၀ ဦး စုစုပေါင်း ၇၅၀ ဦးထံမှ ထက်ဝက်ကျော် ထောက်ခံမဲ၊ တနည်းအားဖြင့် အနည်းဆုံး ၃၇၆ မဲ ထောက်ခံမဲရရှိရမည်။
ပါလီမန်ဥက္ကဌသည် ထိုင်းဥပဒေပြုမဏ္ဏိုင်၏ အကြီးအကဲဖြစ်သည်။
ထိုင်းနိုင်ငံ၏ ဒီမိုကရေစီစနစ်အရ ထိုင်းဘုရင်သည် နိုင်ငံတော်၏ ဥသျှောင်ဖြစ်သည်။ ထိုင်းပြည်သူလူထု ပိုင်ဆိုင်သော အချုပ်အခြာအာဏာကို ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဏိုင် ၃ ရပ်မှတဆင့် ထိုင်းဘုရင်ကြီးက ကိုယ်စား တာဝန်ယူဆောင်ရွက်သည်။
Mr. Wan Muhamad Noor Matha တာဝန်သည် ပါလီမန် အစည်းအဝေးကျင်းပခြင်း၊ အစည်းအဝေးအစီအစဉ်များကိုပြင်ဆင်ခြင်း၊ ပါလီမန်ကော်မတီတခုဖွဲ့စည်းပြီး ပါလီမန်က လုပ်ဆောင်ရမည့်လုပ်ငန်းကိစ္စများကို ဦးဆောင်ရန်ဖြစ်သည်။
သူသည် ၁၉၉၆-၂၀၀၀ ခုနှစ်အထိ ပါလီမန် ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ဖူးသည့်အပြင် ဝန်ကြီးဌာနအချို့၌လည်း တာဝန်ထမ်းဆောင်ဖူးသည်။
ငယ်ရွယ်စဉ်က ထိုင်းနိုင်ငံတောင်ပိုင်း မွတ်စလင်အများစုနေထိုင်ရာဒေသ ရ လား မြို့ အစိုးရကျောင်းများ၌ ပညာသင်ယူခဲ့သည်။ အထက်တန်းကို ဘန်ကောက် အစ္စလမ်ကောလိပ်၌ ပညာသင်ယူခဲ့သည်။
ဘန်ကောက် ကျုလာလုံကွန်းတက္ကသိုလ်မှ ပညာရေးဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သည်။ ပညာရေး စီမံအုပ်ချုပ်မှု ဘာသာရပ်ဖြင့် ကျုလာလုံကွန်းတက္ကသိုလ်မှပင် မာစတာဘွဲ့ ရရှိခဲ့သည်။
ထိုင်းမွတ်စလင်အများစုနေထိုင်ရာ နရာထိဝါတ့်ခရိုင်၌ အသက် ၂၀ ကပင် ကျောင်းဆရာဖြစ်ခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် ဆုံခလာရတ်ချဘတ်တက္ကသိုလ်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၅ ခုနှစ်မှစ၍ စရီနတ်ခရင်းဝိရော့ တက္ကသိုလ်၊ ဆုံခလာ ထက်ဆင်တက္ကသိုလ်၊ ဆုံခလာဘုရင့်တက္ကသိုလ်တို့၌ ပါမောက္ခအဖြစ် ပညာရေးကဏ္ဍ၌ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ဆုံခလာဆရာ/ဆရာမများကောလိပ်၏ ဒုတိယပါချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၇၉ မှစ၍ ၁၉၈၄ ခုနှစ်ထိ ထိုင်းတောင်ပိုင်း ရလားမြို့နယ် Social Action ပါတီ ကိုယ်စားပြု ပါလီမန်အမတ်အဖြစ် အနိုင်ရရှိခဲ့ပြီး နိုင်ငံရေးလောကထဲ၌ ရှိနေခဲ့သည်။ ၁၉၈၆ တွင် ဒီမိုကရက်တစ်ပါတီ၊ ၁၉၈၈ တွင် စည်းလုံးညီညွတ်ရေးပါတီ၊ ၁၉၉၂ တွင် သစ်လွင်သောရည်မှန်းချက်ပါတီနှင့် အများအားဖြင့် ထိုင်းတောင်ပိုင်း မွတ်စလင်ဒေသ နရာထိဝါ၊ ပတ်သနီ၊ ရလား စသည့်မြို့နယ်များက ဝါဒါမွတ်စလင်အစုအဖွဲ့ကို ကိုယ်စားပြုသည့် နိုင်ငံရေးသမားတဦးဖြစ်သည်။
၁၉၈၀ ခုနှစ်တွင် စက်မှုနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ၁၉၉၄-၁၉၉၅ ထိ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ၁၉၉၆-၂၀၀၀ ခုနှစ်အထိ ပါလီမန် ဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်ဖူးသည်။
၂၀၀၂ ခုနှစ်တွင် ကူးသန်းရောင်းဝယ်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဖြစ်ခဲ့သည်။ ၂၀၀၆ ထိုင်းဘုရင့်တပ်မတော် အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံရေးလောကထဲမှ ၅ နှစ် ဆိုင်းငင့်ခံရသည်။ ထိုင်းဘုရင့်တပ်မတော်အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံ၏ ဗဟိုမူးယစ်ဆေးဝါးထိန်းချုပ်ရေးဌာန၏ ဒါရိုက်တာအဖြစ် ရွှေးချယ်တာဝန်ပေးအပ် ခံရပြန်သည်။
၂၀၀၆ ခုနှစ်၌ ဝန်ကြီးချုပ်ဟောင်း ထပ်ဆင် ရှင်နဝတ် အစိုးရအဖွဲ့ကို အာဏာသိမ်းခဲ့သည့် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည်လည်း ထိုင်းမွတ်စလင် ဆွန်ထိ ဘွန်းရားရတ်ဂလင်းဖြစ်သည်။
Ref: Khaosod, Bloomberg, CNA