ယခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို မီးပုံးပျံ လွတ်ပြိုင်ပွဲများဖြင့် နိုဝင်ဘာလ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံများက ဝါဒဖြန့် သတင်းလွင့်ထားကြောင်း သိရသည်။
“ ဒီနှစ်တော့ နေ့လွတ်အရုပ် နဲ့ စိန်နပန်ပဲပါမယ်၊ မီးကျည် တွေမပါဘူး ၊ ယမ်းနဲ့ ပါတ်သက်တာ ဘာတစ်ခုမှ လုပ်လို့မရဘူး ၊ မီးပုံးပျံအသင်းကလည်း လုပ်မှာမဟုတ်ဘူး ၊ အဖြစ်သဘောပဲပေါ့ အဓိကကတော့ စစ်ကောင်စီက တိုင်းပြည် ပုံမှန်လည်ပတ်နေသရောင် ကမ္ဘာကိုပြသချင်နေတာပေါ့” ဟု တောင်ကြီး မြို့မီးပုံးပျံ ပညာရှင်တစ်ဦးက ပြောသည်။
စစ်ကောင်စီမှ ပြုလုပ်ကျင်းပမည့် မီးပုံးပျံပြိုင်ပွဲတွင် နေ့လွှတ်အရုပ် ၄၆ ရုပ်ပါဝင်ယှဉ်ပြိုင်လွှတ်တင်သွားမည်ဖြစ်ပြီး တန်ဆောင်မုန်းလပြည့်ညတွင် မီးပဒေသာ လှည့်လည်ပူဇော်ပွဲနှင့် စိန်နားပန် မီးပုံးပျံ ၂ လုံး လွှတ်တင်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
၄င်းမီးပုံးပျံပြိုင်ပွဲတွင် ပထမဆုအဖြစ် ၁၀ သိန်းကျပ်၊ ဒုတိယဆု ၅ သိန်းကျပ်၊ တတိယဆု ၃ သိန်းကျပ်နှင့် နှစ်သိမ့်ဆု ၅ ဆုအတွက် ၂ သိန်းကျပ်စီ ဆုချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်သည်ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် နှစ်စဉ်တန်ဆောင်မုန်းလဆန်း ၈ ရက်မှ လပြည့်ကျော် ၁ ရက်နေ့အထိ ပြည်တွင်းပြည်ပ ဧည့်သည်များဖြင့် စည်ကားသိုက် မြိုက်စွာကျင်းပလာသည်မှာ နှစ်ပေါင်း ၇၀ ကျော်ကြာ သက်တမ်းရှိပြီဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ အထူးစိတ်ဝင်စားနှစ်သက်သည့် ရိုးရာပွဲတော်တစ်ခုလည်းဖြစ်သည်။
မီးပုံးပျံပွဲတော်တွင် နေ့မီးနှင့် ညမီးဟူ၍ နှစ်မျိုးခွဲကာ ပြိုင်ပွဲများ ကျင်းပလေ့ရှိသည်။ နေ့ပိုင်း အလှလွှတ် မီးပုံးပျံများသည် အများအားဖြင့် တိရိစ္ဆာန် ရုပ်ပုံများ ဖြစ်ပြီး ညလွှတ်မီးပုံးပျံများတွင်မူ ညမီးကြီးနှင့် စိန်နားပန်ဟူ၍ နှစ်မျိုးရှိသည်။ ညမီးကြီးမှာ မီးပုံးပျံအောက်ဆွဲတွင် ယမ်းခွေပါဝင်ပြီး မီးပုံးပျံ ပျံတက်သည့် ကာလအတွင်း မီးရှူးမီးပန်းများပစ်လွှတ်ကာ ညမြင်ကွင်းကို အလှဆင်ကြသည်။ စိန်နားပန်မှာမူ မီးပုံးပျံအပြင် ကိုယ်ထည်ပေါ်နှင့် အောက်ဆွဲတွင် မီးပုံးအရောင်အမျိုးမျိုးဖြင့် ရုပ်ပုံများသော်လည်းကောင်း စာလုံးများသော်လည်းကောင်း ပုံဖော်ကာ လွှတ်တင်ကြသည့် မီးပုံးပျံ အမျိုးအစား ဖြစ်သည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို ကျင်းပနိုင်ခြင်းမရှိသည့် ခုနှစ်များမှာ ၁၉၄၉ ခုနှစ် နှင့် ၁၉၈၈ ခုနှစ် တို့တွင်ကျင်းပနိုင်ခဲ့ခြင်းမရှိဘဲ ကိုဗစ် ၁၉ ကပ်ရောဂါနှင့် စစ်ကောင်စီအာဏာသိမ်းမှုဖြစ်ပွားခဲ့သည့် ၂၀၂၀ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင်လည်းကျင်း ပနိုင်ခဲ့ခြင်းမရှိကြောင်းမှတ်တမ်းများအရသိရသည် ။