ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
စစ်ကောင်စီတပ်+PNO ပူးပေါင်းအဖွဲ့နှင့် PNLA + PDF ပူးပေါင်းအဖွဲ့တို့ သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ဆီဆိုင်မြို့နယ်အတွင်းရှိ ဒေသခံများစွာ နေအိမ်ကိုစွန့်ခွာထွက်ပြေးရလျက်ရှိသည်။
စစ်ကောင်စီတပ်မှ လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီဆိုင်မြို့ပေါ်နှင့် စစ်တပ်အနီးရှိ ပြည်သူလူထုနေအိမ်များလည်း ထိခိုက်ပျက်စီးမှုများရှိသလို လူထိခိုက်သေဆုံးမှုများလည်းရှိသည်။
ယခုအခါ မသမာသူများသည် ဆီဆိုင်ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေရမှုကို အခွင့်ကောင်းယူပြီး ဆီဆိုင်မြို့မဈေးရှိ ဖုန်းဆိုင်နှင့်ကုန်စုံဆိုင်များအား ဖောက်ထွင်းခိုးယူမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။
“ ကျမတို့က လက်နက်ကြီးပစ်ခတ်သံတွေကြား
ကတည်းက တစ်မိသားစုလုံး တောင်ကြီးကိုထွက်ပြေးလာကြတာပေါ့။ အိမ်မှာဘယ်သူမှမကျန်ခဲ့ဘူး ခွေးတွေကြောင်တွေပဲကျန်ခဲ့တယ်။ လောလောနဲ့ထွက်ပြေးလာရတာဆိုတော့ ဘာမှလည်းမယူလာခဲ့ရဘူး။ ဒီနေ့ကြားရတာကတော့ ဈေးထဲက ဖုန်းဆိုင်တွေ ကုန်စုံဆိုင်တွေ ကို သူခိုးတွေက သော့တွေရိုက်ဖျက်ပြီး ပစ္စည်းတွေ ဝင်ခိုးနေတယ်လို့ ကျန်နေတဲ့သူတွေက ပြောပြတယ်။ ဒီလိုစစ်ဘေးကာလမှာ အခုလိုမျိုးအကျင့်ယုတ်ပြီး သူများပစ္စည်းကို ခိုးတာဆိုတော့ ဘယ်ကတည်းက ခိုးချင်နေကြတာလဲမသိဘူး။ တိုက်ပွဲကလည်း အခုထိဖြစ်နေကြတာဆိုတော့ ပြန်လို့လည်းမရတော့ ကျမတို့အိမ်ကိုလည်းစိတ်ပူတာပေါ့ရှင့်။” ဟု တောင်ကြီးမြို့ထံထွက်ပြေးတိမ်းရှောင်လာသည့် ဆီဆိုင်မြို့ဒေသခံ ပအိုဝ်းအမျိုးသမီးတစ်ဦးက ပြောပြသည်။
ယနေ့ (၂၇.၁.၂၀၂၄) ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် PNO ပူးပေါင်းအဖွဲ့သည် ဆီဆိုင်မြို့အား ပြန်လည်ရရှိရေး အင်အားဖြည့်တင်းကာ ထိုးစစ်ဆင်လျက်ရှိသည်ဟု သတင်းရရှိသည်။