ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်ရပ်ကွက်များတွင် ယခုလထဲ အကြမ်းဖက်လုယက်မှုများဆက်တိုက်ဖြစ်ပွားနေပြီး ပြည်သူများစိုးရိမ်ထိပ်လန့် နေရကြောင်း တာချီလိတ်မြို့ခံ များကပြောသည်။
“ ပစ္စည်းကို လိုချင်တော့ လူကိုပါလုပ်ကြံလာတယ် ဘာမှမမြင်တော့ဘူး လူပါသတ်သွားနိုင်တယ် ၊ မိန်းကလေးတွေဆိုလဲ ဆိုင်ကယ်နဲ့ တစ်ယောက် တည်း မထွက်တာကောင်းတယ် ခုဆိုနေ့နေ့ ညည ဘယ်အရာမှ စိတ်ချလို့မရတော့ဘူး ” ဟု ဆန်ဆိုင်း ရပ်ကွက်နေသူတစ်ဦးကပြောသည်။
ယခုလ ပထမပါတ်က ဆေခမ်းရပ်ကွက်၊ ဟောင်လိတ်ဈေးအနီးတွင် ဆိုင်ကယ်မောင်းနင်လာသူအမျိုးသမီးတစ်ဦးအား အမျိုးသား ၆ ဦးက ဓါးဖြင့်ခုတ်၍ သံတုတ်ဖြင့်ရိုက်ကာ ဆိုင်ကယ်လုယက်ခဲ့သည့်ဖြစ်စဥ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ ဆိုင်ကယ်လုခံရတဲ့ ကောင်မလေးသနားစရာ မျက်နှာက ရစရာမရှိတော့ဘူး အပျိုမလေးသူ့ဘဝအတွက်မြင်ရတဲ့လူတောင်ရင်နာမဆုံးဘူး ၊အခုဆို ပစ္စည်းပဲလုတဲ့ အဆင့်မဟုတ်တော့ဘူး အခန့်မသင့်ရင် လူသေသွားနိုင်တယ်၊ ဒီလိုကောင်တွေ အတွက် ထိထိရောက်ရောက် အရေးယူသင့်တယ် ” ဟု ဟောင်လိတ် ရပ်နေသူ တစ်ဦးကပြောသည်။
လုယက်ခံရသည့်အမျိုးသမီးသည် နံနက် ၄ နာရီအချိန် ဆေခမ်းရပ်ကွက်ရှိ ညီမဖြစ်သူ၏ အလှူအိမ်ကိုသွားရောက်ရာမှ ဟောင်လိတ်စျေးအနီးတွင် အမည်မသိ လူငယ် ၆ ဦး၊ ဆိုင်ကယ် ၃ စီးဖြင့် လူသွားလမ်းရှေ့မှ ပိတ်ရပ်ကာ ၄င်းအား သံတုတ်ဖြင့်တစ်ချက်၊ လက်သီးဖြင့်မျက်နှာအားထိုးခြင်း၊ ကျောပြင်တို့အား ဝိုင်းဝန်းထိုးကြိတ်ပြီးနောက် လူငယ်တစ်ဦးမှ ဓါးဖြင့် သူမ၏ မျက်နှာအား ၃ ချက်ခန့် ခုတ်ကာ ဆိုင်ကယ်အား လုယူထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
၄င်းလုယက်သူများသည် ယခုပြစ်မှု အပါအဝင် အလားတူ ပြစ်မှု ၁၀ ကြိမ် ထက်မနည်းကျူးလွန်ထားကြောင်း သိရပြီး ဒီဇင်ဘာ ၁၁ ရက်နေ့ကတရားခံ ၅ ဦးအား ဖမ်းဆီးရမိထားကာ လက်ရှိ ဟောင်လိတ်နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ (၃၉၇) ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့ကလည်း တာချီလိတ်မြို့၊ ဝမ်မိုင်ကျေးရွာ၊ ဆန်ဆိုင်း (ခ) ရပ်ကွက်နေအိမ်တစ်အိမ်တွင်လူစိမ်းအမျိုးသားတစ်ဦးက အိမ်ရှင် အမျိုးသား တစ်ဦးကို ဓါးမြှောင်ဖြင့် ရွယ်၍ ခြိမ်းခြောက်ကာ လည်ပင်းမှ သိန်း ၆၀ ကျော် တန်ဖိုးရှိ ရွှေဆွဲကြိုးအား လုယူ၍ ၎င်းနှင့်အတူ နေအိမ်ခြံဝန်းရှေ့တွင် စောင့်နေသော အမျိုးသား ၂ ဦး နှင့်ထွက်ပြေးသွားသည့်ဖြစ်စဥ် ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
ကျူးလွန်သူများကို လက်ရှိဖမ်းဆီးရမိထားပြီး ၄င်းတို့သည် ထောင်ထွက်များဖြစ်ကြပြီး တာချီလိတ်မြို့အတွင်း ဆိုင်ကယ်ခိုးမှုများ၊ လုယက်မှု ကျူးလွန်လေ့ရှိသူများဖြစ်ကြောင်း တာချီလိတ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။