ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တအာင်းတစ်မျိုးသားလုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး၊ တအာင်းပြည်နယ် တည်ဆောက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးတို့အတွက် ဆက်လက်တိုက်ပွဲဝင် သွားမယ်လို့ TNLA ဥက္ကဋ္ဌ ပြော

တအာင်းတစ်မျိုးသားလုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး၊ တအာင်းပြည်နယ် တည်ဆောက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးတို့အတွက် ဆက်လက်တိုက်ပွဲဝင် သွားမယ်လို့ TNLA ဥက္ကဋ္ဌ ပြော

Hsan Loi Editor
12/01/2025
Share:

 

တအာင်းတစ်မျိုးသားလုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အာမခံတဲ့ တအာင်းပြည်နယ် တည်ဆောက်ရေးနဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးတို့အတွက် အသက်သမျှတန်ဖိုး ထားပြီး ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးရဲ့ အန္တိမပန်းတိုင် အချက်(၃)ချက် ပြီးမြောက်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ PSLF/TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း က ပြောပါတယ်။

 

ဒီကနေ့ ဇန်နဝါရီလ(၁၂)ရက်မှာကျရောက်တဲ့ (၆၂)နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေး နေ့ မိန့်ခွန်းမှာ အထက်ပါအတိုင်း ထည့်သွင်းပြောကြားထားတာပါ။

 

ဒါ့အပြင် တအာင်းတပ်မတော်အနေနဲ့ တော်လှန်ရေးအင်အားစုများနဲ့အတူ ပြန်လည်သိမ်းပိုက် နိုင်ခဲ့တဲ့ နယ်မြေအတွင်း စစ်အာဏာရှင်အုပ်စုရဲ့ အုပ်ချုပ်ရေးယန္တယား နောက်ထပ်တစ်ကြိမ် အခြေမစိုက်နိုင်အောင် တအာင်းတပ်မတော်များနဲ့ ဒေသခံပြည်သူများက ဟန်ချက်ညီညီ အစွမ်းကုန် ကြိုးပမ်းကာကွယ်သွားရမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

 

ပြောင်းလဲလာတဲ့ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ စေ့စပ်လှုံ့ဆော်မှုတွေက နေ ပေါ်ပေါက်လာမယ့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးနိုင်ဖို့လည်း အမြဲတမ်းအဆင်သင့် ပြင်ဆင်ထား ရှိပြီးဖြစ်တယ်လို့ဆိုပါတယ်။

 

TNLA အနေဖြင့် မဟာမိတ်တပ်ဖွဲ့များနဲ့အတူ တော်လှန်ရေးတပ်ဖွဲ့များတို့ ပါဝင်တဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ဖော်ဆောင်လာတဲ့ချိန်ကစပြီး မြို့ပေါင်း(၁၂)မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီး ၎င်းရဲ့ လှုပ်ရှားနယ်မြေအတွင်း တပ်မဟာ(၉)ခုနဲ့ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

 

၁၉၆၃ ခုနှစ် ဇန်နဝါရီလ(၁၂)ရက်မှာ ပလောင်အမျိုးသားတပ်ဦး(PNF)အမည်နဲ့ စတင်လာခဲ့ပြီး ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလ(၁၂)ရက်နေ့မှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA) အမည်နဲ့ ပြန်လည်ဖွဲ့စည်းထူထောင်လာခဲ့ကာ နိုင်ငံရေးပန်းတိုင်(၃)ချက်ချမှတ်ကာ စစ်အာဏာရှင် အဆက်ဆက်နဲ့ မဟာလူမျိုးကြီးဝါဒကို တော်လှန်တိုက်ခိုက်လာတာ (၆၂)နှစ်ပြည့်ခဲ့ပြီ ဖြစ်တယ်လို့ သိရှိရပါတယ်။