ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ရှိ မြန်မာ-တရုတ် နယ်စပ်ဂိတပေါက်များ၌ တစ်ခါသုံးကဒ် (TBP) ဖြင့် ဝင်ရောက်သည့် မြန်မာနိုင်ငံသားဦးရေ တစ်ရက်လျှင်အနည်းဆုံး (၇၀၀) ဦးခန့်ရှိပြီး တန်းစီသူဦးရေ တစ်ရက်လျှင် (၂၀၀၀) ဦး နီးပါးခန့်ရှိသည်ဟု မူဆယ်ဒေသခံတစ်ဦးက ပြောပြသည်။
မြန်မာ-တရုတ် နယ်စပ်ဝင်ထွက်ဂိတ်များဖြင့်သည့် နန်းတော်ဂိတ်-ဆင်ဖြူဂိတ်-မန့်ဝိန်းဂိတ်များတွင် စက်တင်ဘာလ (၄) ရက်နေ့မှ စတင်ပြီး တစ်ခါသုံးကဒ် (TBP) နှင့် စတင်ဝင်ရောက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ အဆိုပါကဒ်အား မူရင်းမှတ်ပုံတင်ဖြင့် ပြုလုပ်ပေးခြင်းဖြစ်ပြီး ငွေကျပ် (၂၀၀၀) ဖြင့် ပြုလုပ်ပေးသော်လည်း လွန်ခဲ့သောရက်အနည်းငယ်အတွင်း မှောင်ခိုဈေးကွက်အတွင်း တိုကင်ရောင်းချမှုများဖြစ်ပေါ်ခဲ့သည်။
တိုကင်တစ်ခုလျှင် ငွေကျပ် (၂) သိန်းအထိ ပေါက်ကြေးရှိခဲ့ပြီး ယခုအခါ တိုကင်ထုတ်ပေးတော့မည်မဟုတ်ဘဲ ဝင်ရောက်မည့်သူများ၏ လက်တွင် တံဆိပ်တုံးရိုက်နှိပ်ပြီး ပြုလုပ်ပေးနေပြီဟု သိရသည်။
“မူဆယ်မှာတော့ ပွဲလိုမျိုးကိုဖြစ်နေပြီးတော့ တစ်ရက်တစ်ရက် ဂိတ်ပေါက်မှာလူတွေနဲ့ပြည့်နှက်နေပြီး မူးလဲတဲ့သူတွေနဲ့ ထမင်းငတ်တဲ့သူတွေနဲ့စုံနေတာပဲ။ အဓိကကတော့ ကျနော်တို့နိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးလာလို့ တစ်ခါသုံးကဒ်တွေနဲ့ဝင်ပြီး ဟိုဘက်မှာ အလုပ်သွားလုပ်ချင်ကြတာပေါ့။ ဒါပေမယ့် အဲ့ဒါကို တရုတ်ဘက်ကတရားဝင်ခွင့်ပြုထားတာမရှိသလို လုပ်ငန်းရှင်ဘက်ကနေ လက်ခံရင်တောင် ဘာအာမခံချက်မှမရှိဘူးလေ။ အခုဆိုရင် ဟိုဘက်အခြမ်းမှာဘယ်လောက်တောင် အဖမ်းခံနေကြရပြီလဲမသိဘူး။ မူဆယ်မြို့မှာတော့ အနယ်နယ်အရပ်ရပ်ကနေ တရုတ်နိုင်ငံဘက်ကို တခါသုံးကဒ်နဲ့ဝင်ရောက်မယ့် မြန်မာနိုင်ငံသားအယောက် (၁၀၀၀၀) ကျော်လောက်တောင်ရှိနေပြီ ထင်ပါတယ်။ တရုတ်နိုင်ငံကို ဝင်ရောက်ဖို့ နေပူမရှောင်မိုးရွာမရှောင် စောင့်ဆိုင်းနေကြတဲ့ ကျနော်တို့နိုင်ငံသားတွေကို မြင်ရတာ ဝမ်းနည်းစရာအရမ်းကောင်းပါတယ်။ သက်ကြီးရွယ်အိုတွေရော၊ ကလေးအမေတွေရော၊ မသန်စွမ်းတွေရော တန်းစီပြီးတော့ကို စောင့်နေကြတာပါ။” ဟု မူဆယ်ဒေသခံတစ်ဦးက ပြောပြသည်။
ယခုပြုလုပ်ပေးလျက်ရှိသည့် ဝင်ခွင့်ကဒ်သည် တရုတ်နိုင်ငံသို့ (၆) ညအိပ် (၇) ရက်တာ နေထိုင်ခွင့်ရှိသော ဝင်ထွက်ခွင့်ကဒ်သာဖြစ်ကြောင်း သတင်းရရှိသည်။