ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
မြန်မာပြည်ရဲ့ လက်နက်ကိုင်ခုခံတော်လှန်ရေးမှာ အမျိုးသမီးများဟာ ရှေ့တန်းကပါဝင်လျက်ရှိပါတယ်။ ဒီမိုကရေစီကျတဲ့အနာဂါတ်ဖြစ်လာဖို့ လုံခြုံရေးအဖွဲ့အစည်းများအတွင်းမှာ အမျိုးသမီးတွေလည်း ပါဝင်လာဖို့ လိုအပ်တဲ့အကြောင်း တင်ပြချင်ပါတယ်။
မြန်မာအမျိုးသမီးတွေဟာ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေမှာ မကြုံစဖူးအတိုင်းအတာနဲ့ ပါဝင်ဆောင်ရွက်နေကြပါတယ်။ လက်ရှိအုပ်ချုပ်နေတဲ့ စစ်အစိုးရရဲ့ ရက်စက်ဖိနှိပ်မှုတွေကို တွန်းလှန်ကြတဲ့နေရာမှာ အကြမ်းမဖက် ဆန္ဒပြလှုပ်ရှားမှုတွေမှအစ လူထုကာကွယ်ရေးတပ်ဖွဲ့ (PDF) များအလယ်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဆုံး အမျိုးသမီးများဟာ အဓိကနေရာမှ ပါဝင်လျက်ရှိပါတယ်။ မြန်မာ့ခုခံတော်လှန်ရေးကွန်ရက်ကြောင့် စစ်အာဏာရှင်ရဲ့ချုပ်ကိုင်မှု တဖြည်းဖြည်းချိနဲ့လာပေမဲ့လည်း တော်လှန်ရေးခေါင်းဆောင်များမှာ ခေါင်းခဲစရာကိစ္စတစ်ခုနဲ့ လက်ရှိကြုံနေရပါတယ်။ ဒါကတော့ ပြည်တွင်းပဋိပက္ခတွေနဲ့အသားကျနေတဲ့နိုင်ငံတစ်ခုမှာ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ဘယ်လိုပြန်လည်ထူထောင်မလဲဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်။
နေရာအတော်များများမှာ NUG အစိုးရဟာ လုံခြုံရေးအဖွဲ့အစည်းများကို အသစ်ကစပြီး ပြန်လည် ထူထောင်လျက်ရှိပါတယ်။ တခြားနေရာတွေမှာတော့ စစ်ပွဲကြုံလျှင် အသင့်အတင့် စွမ်းဆောင်နိုင်တဲ့ လုံခြုံရေးအဖွဲ့အစည်းတွေကို (အင်စတီကျုးရှင်းများ) တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ (EROs) ပိုင်ဆိုင်ထားတာ အတော်ကြာပါပြီ။ အနာဂါတ်အရေး မျှော်တွေးကြည့်ရုံနဲ့ မြန်မာနိုင်ငံအတွက် ဒီလုံခြုံရေးအဖွဲ့အစည်းတွေ (အင်စတီကျုးရှင်းများ) ဆိုသည်မှာ စစ်ဖြစ်နေသမျှကာလာပတ်လုံး အကာအကွယ်ပြုစရာအနေနဲ့တင်မကဘဲ နောင်အနာဂါတ်အစိုးရအတွက်လည်း အရေးကြီးတဲ့ပမာထားစရာဖြစ်လာပါလိမ့်မယ်။
မြန်မာနိုင်ငံသားတွေဟာ ငြိမ်းချမ်းတဲ့အနာဂါတ်ကိုမျှော်ကိုးသလို ပြည်တွင်းက လုံခြုံရေးအဖွဲ့အစည်းများရဲ့ ရက်စက်ကြမ်းကြုတ်တဲ့သမိုင်းဆိုးကိုလည်း လက်ခံနိုင်စွမ်းရှိရပါမယ်။ လက်ရှိတော်လှန်ရေးရဲ့ ဒီမိုကရေစီမျှော်မှန်းချက်တွေနဲ့ တစ်သားတည်းရှိနိုင်ဖို့ဆိုရင် အသစ်ဖွဲ့စည်းလာတဲ့ လုံခြုံရေးအဖွဲ့များဟာ အတိတ်ကအမှားတွေကို ပြန်မကျော့မိဖို့လိုပါတယ်။ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးမှာ အမျိုးသမီးတွေကို ထိုက်ထိုက်တန်တန်ပါဝင်စေခြင်းဖြင့် အကြမ်းဖက်မှုသံသရာကိုလည်း ချိုးဖျက်နိုင်မှာဖြစ်သလို ရဲတပ်ဖွဲ့ဝင်တွေရဲ့ထင်ရာစိုင်းအကြမ်းဖက်မှုကိစ္စတွေ၊ တိုင်းရင်းသားတွေနဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကိစ္စတွေနဲ့ လုပ်သမျှအတွက် တာဝန်ခံစရာမလိုတဲ့ယဉ်ကျေးမှုကို ပြုပြင်နိုင်ဖို့ အခြေခံအကျဆုံး ခြေလှမ်းတစ်လှမ်းလည်း ဖြစ်လာပါလိမ့်မယ်။
လုံခြုံရေးအဖွဲ့အစည်းများ (အင်စတီကျုးရှင်းများ) အတွင်းရှိ သမိုင်းတစ်လျှောက် အနှိပ်ကွပ်ခံဖြစ်ခဲ့သည့် အမျိုးသမီးများ၏ကဏ္ဍ
တော်လှန်ရေးလှုပ်ရှားမှုကြီးမှာ အမျိုးသမီးငယ်များဟာ မရှိမဖြစ်အစိတ်အပိုင်းဖြစ်ပါတယ်။ တချို့က “မြောင်အမျိုးသမီးစစ်သည်တော်များ”လို အဖွဲ့တွေမှာ ဝင်တိုက်လျက်ရှိပြီး တချို့ကျတော့လည်း မြန်မာ့လူ့အဖွဲ့အစည်းထဲမှာရှိတဲ့ မတရားမှုတွေကိုတိုက်ဖျက်နိုင်ဖို့ ဒီနိုင်ငံထဲမှာပဲ အသစ်ဖွဲ့စည်းထားတဲ့ လုံခြုံရေးနဲ့ ရဲတပ်ဖွဲ့များမှာ ဝင်ရောက်အားပြုလျက်ရှိပါတယ်။ တော်လှန်ရေးအတွက် ထောက်ပို့လုပ်ငန်းတွေမှာဆိုရင် အမျိုးသားတွေဆိုလျှင် အမြဲတစေ သင်္ကာမကင်းစစ်ဆေးခံရတာကြောင့် မြို့ပေါ်ဒေသေက အမျိုးသမီးတွေဟာ ရှေ့တန်းအရောက် ထောက်ပို့လုပ်ငန်းတွေမှာ ဝင်ပါလျက်ရှိပါတယ်။
အပြောင်းအလဲဖော်ဆောင်မယ်ဆိုတဲ့ တော်လှန်ရေးဘောင်အတွင်းမှာပင် မြန်မာအမျိုးသမီးများဟာ ရှေးရိုးစွဲစိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပါတယ်။ အမျိုးသမီးတွေဟာ လုံခြုံရေးကဏ္ဍမှာတာဝန်ယူရမယ့်အရေး ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေရဲ့ အတားအဆီးကို ကြုံတွေ့နေရပါတယ်။ ဥပမာ အမျိုးသားရဲတပ်ဖွဲ့ဝင်နဲ့ ပူးတွဲတာဝန်ယူရတဲ့အမျိုးသမီးရဲတပ်ဖွဲ့ဝင်ဟာ ဆိုးဝါးတဲ့ဆက်ဆံခံရမှုမျိုးနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။ စခန်းမှာ အမျိုးသမီးရဲတပ်ဖွဲ့ဝင်တွေကို ညဆိုင်းတာဝန်ပေးတာ မသင့်တော်ဘူးလို့လည်း လူတွေကထင်တတ်ကြပါတယ်။ တော်လှန်ရေးမှာ ပါဝင်အားဖြည့်ပေးနေတဲ့ မြန်မာ့ရဲတပ်ဖွဲ့ဝင်ဟောင်းတွေကို မေးမြန်းကြည့်ရာမှာလည်း ၎င်းတို့၏ဇနီးမယားများက အိမ်ထောင်မရှိတဲ့ရဲမေများကို အိမ်ထောင်ရေးအနှောင့်အသွားတစ်ခုအနေနဲ့ မြင်ကြတဲ့အကြောင်း ပြောပြကြပါတယ်။ တစ်ခါတလေ သူတို့အမြင်မကြည်တဲ့ရဲမေတွေကို စခန်းပါပြောင်းပစ်ဖို့ စခန်းမှူးများကို အတင်းအကြပ်ပူဆာကြတယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့လိုမျိုး လုံခြုံရေးအဖွဲ့အစည်းများ ကျင့်သုံးတဲ့အလေ့အထကလည်း အခုလိုယဉ်ကျေးမှုထုံးစံတွေကို ပိုတည်မြဲအောင်လုပ်ပေးသလိုဖြစ်ပါတယ်။ အလုပ်ခေါ်ရင် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုပြီးပညာအရည်အချင်းမြင့်ဖို့လိုအပ်ပါတယ်။ အမျိုးသမီးတွေအလုပ်တွေမှာ အကျိုးခံစားခွင့် ပိုမိုနည်းပါးတတ်ပြီး ခေါင်းဆောင်ပိုင်းနေရာအများစုကိုလည်း အမျိုးသားတွေပဲ ယူထားလေ့ရှိပါတယ်။ ၂၀၁၉ မှာဆိုရင် ပြည်တွင်းမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်ပေါင်း ၇၂,၀၀၀ ကျော်မှာ အမျိုးသမီးအရေအတွက်ဟာ ၄ ရာခိုင်နှုန်းအောက်ကို နည်းပါတယ်။ အခုလို ကိုယ်စားပြုမှုအချိုးနည်းတာဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အစဉ်အလာကိုရော စွမ်းရည်ကိုရော ဘယ်လိုမှကောင်းကျိုးပြုနိုင်မှာမဟုတ်ပါဘူး။ အိမ်တွင်းအကြမ်းဖက်မှုလိုကိစ္စမျိုးကို တိုင်တန်းဖို့ဆိုရင် အမျိုးသမီးတွေဟာ ရဲတပ်ဖွဲ့တွေအပေါ် အယုံအကြည်မရှိကြဘူးလို့ သိရပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း အမြဲဆိုသလို ဆန့်ကျင်ဘက်လိင်လိုနေထိုင်တတ်သူတွေနဲ့ အခြားလိင်စိတ်ကွဲပြားတဲ့သူတွေအပေါ် ဖမ်းဆီးအရေးယူလေ့ရှိပါတယ်။ အာဏာသိမ်းပြီးနောက်မှာတော့ တော်လှန်ရေးမှာပါတဲ့သူချင်းတောင် လိင်ပေါ်မူတည်ပြီး အကြမ်းဖက်လေ့ရှိတာကို ဆက်လက်မြင်တွေ့နေရပါတယ်။
ဒီမိုကရေစီလိုလားတဲ့ လုံခြုံရေးအဖွဲ့အစည်း (အင်စတီကျုးရှင်းများ) များ ပေါ်ထွန်းလာခြင်း
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမှာ အရပ်သားတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်သတ်ဖြတ်မှုအပြီးမှာတော့ အရပ်သားတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ မိမိအသိုင်းအဝန်းအတွင်း လုံခြုံရေးကို ကိုယ်ထူကိုယ်ထ တာဝန်ယူပေးတာမျိုး ပေါ်ထွက်လာပါတယ်။
စစ်အာဏာရှင်ရဲ့ရာဇဝတ်မှုတွေကို မှတ်တမ်းတင်ထားရှိခြင်း၊ မိမိအသိုင်းအဝန်းလိုအပ်ချက်အတိုင်း တုံ့ပြန်မှုရှိတဲ့၊ ပွင့်လင်းမြင်သာမှုရှိတဲ့ လုံခြုံရေးအဖွဲ့အစည်းတွေထူထောင်ခြင်းအားဖြင့် အဆိုပါကိုယ်ထူကိုယ်ထအဖွဲ့တွေဟာ တရားမျှတမှုကို ပိုမိုဖော်နိုင်ပါလိမ့်မယ်။ ဒါဆိုရင်တော့ စစ်အာဏာရှင်ရဲ့ အရပ်သားအကြမ်းဖက်မှုတွေနဲ့ တာဝန်ခံယူမှုမရှိခြင်းဆိုတာတွေနဲ့ ပြက်ပြက်ထင်ထင်ကို ကွဲပြားသွားစေမှာဖြစ်ပါတယ်။ ဥပမာဆိုရင် ကရင်နီရဲတပ်ဖွဲ့ဟာ ဒီမိုကရေစီလိုလားတဲ့ ရဲတပ်ဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။ ဒီတပ်ဖွဲ့ဟာဆိုရင် NUG အစိုးရရဲ့လူ့အခွင့်အရေးဝန်ကြီးဌာနနဲ့ပူးပေါင်းပြီး Christmas Eve လူသတ်ပွဲအကြောင်း စုံစမ်းစစ်ဆေးနေသလို ရရှိလာတဲ့သတင်းတွေကိုလည်း ထုတ်ပြန်ချက်တွေနဲ့ လူထူကိုတင်ပြပေးနေပါတယ်။
အဆိုပါနယ်မြေခံရဲတပ်ဖွဲ့များအနေနဲ့ ခရီးကြမ်းကိုရင်ဆိုင်ရင်းနဲ့ပဲ အံ့ဩလောက်စရာတိုးတက်မှုမျိုးကို လုပ်ပြနိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီမိုကရေစီလိုလားတဲ့ ထိုသို့ရဲတပ်ဖွဲ့များထဲမှာ စိန်ခေါ်မှုများစွာ ရှိနေဆဲဖြစ်ပါတယ်။ အကြောင်းကတော့ ယင်းအဖွဲ့တွေထဲက အမျိုးသမီးတွေဟာ စစ်ပွဲအတွင်း တစ်ဖက်က စစ်ထဲပါဝင်နေရသလို တစ်ဖက်မှာလည်း ထုံးစံလိုဖြစ်နေတဲ့ ကျားမကွဲပြားမှုများကိုလည်း တိုက်ဖျက်နေရသောကြောင့်ပင်။ လက်ရှိအထိတော့ ပတ္တရောင်လှည့်ခြင်းနှင့် တရားခံဖမ်းဆီးမှုတို့ကဲ့သို့ လုပ်ငန်းခွင်တာဝန်များကို အမျိုးသမီးများကို လုပ်ပိုင်ခွင့်ရော၊ လုပ်ကိုင်နိုင်သည့်အနေအထားပါ ပေးမထားသလောက်ပင်။ ရဲအလုပ်နှင့် နယ်မြေလုံခြုံရေးကိစ္စဆိုသည်မှာ အမျိုးသားတွေနဲ့ပဲ သက်ဆိုင်တယ်ဆိုသည့်သဘောကို ဒီကိစ္စက အားပေးအားမြှောက်ပြုနေသလိုပါပဲ။ အလားတူပဲ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဒီမိုကရေစီလိုလားတဲ့ ရဲတပ်ဖွဲ့များမှာ အမျိုးသမီးအချိုးက ၁၅ ရာခိုင်နှုန်းအောက်နည်းနေပြီး ခေါင်းဆောင်ပိုင်းနေရာတွေမှာလည်း ကိုယ်စားပြုနှုန်း ဆက်လက်နည်းပါးနေဆဲ ဖြစ်ပါတယ်။
မည်သို့ပင်ဆိုဆို ဒီမိုကရေစီလိုလားတဲ့ ရဲတပ်ဖွဲ့များအတွင်း အမျိုးသားများနှင့် တန်းတူလုပ်ကိုင်နေသော အမျိုးသမီးများရှိနေခြင်းက ပိုမိုတန်းတူရည်တူရှိလာတယ်လို့ ယူဆနိုင်စရာရှိပါတယ်။ ရဲမေတစ်ဦးက အခုလိုပြောပြပါတယ် “မြန်မာ့ရဲတပ်ဖွဲ့ထဲမှာ အမျိုးသမီးတွေကို ပိုပြီးပါဝင်လာစေချင်ပါတယ်၊ ဘာလို့လဲဆိုတော့ မြန်မာအမျိုးသမီးအများစုက ရှက်စိတ်၊ ကြောက်စိတ် အရမ်းကြီးလို့ပါပဲ၊ ရဲတပ်ဖွဲ့ထဲမှာ အမျိုးသမီးတွေ ဆောင်ရွက်နိုင်တာ အနည်းမနေရှိတယ်ဆိုတာ လူတွေကိုသိစေချင်ပါတယ်”
ဒီတော်လှန်ရေးကိုယ်၌က စစ်အာဏာရှင်သက်ဆိုးရှည်နေတာကို တော်လှန်ခြေဖျက်ဖို့ အားခဲထားလေတော့ သူကပေါက်ဖွားလာတဲ့ လုံခြုံရေးအဖွဲ့အစည်းတွေဟာလည်း ပွင့်လင်းမြင်သာခြင်း၊ တရားမျှတခြင်းဆိုတဲ့ သဘောတရားတွေကို အားပေးအားမြှောက်ပြုရမှာပဲဖြစ်ပါတယ်။ ဒီနေရာမှာလည်း အမျိုးသမီးတွေကို ထိုက်ထိုက်တန်တန်ပါဝင်စေခြင်းဖြင့် ဒီကိစ္စကိုအစပြုသင့်လှပါတယ်။ USIP နဲ့ အင်တာဗျူးတစ်ခုမှာ ရဲမေတစ်ဦးက အခုလိုပြောပါတယ်။ “အမျိုးသမီးတွေ စွမ်းဆောင်နိုင်တာ အများဆိုအများကြီးပဲ၊ ကျားမတန်းတူဖြစ်လာဖို့ဆိုရင် အမျိုးသမီးတွေ သည့်ထက်ပိုပြီး ရဲတပ်ဖွဲ့ထဲပါဝင်သင့်ပါတယ်၊ ဒါမှ လူထုနဲ့ထိတွေ့ဆက်ဆံတဲ့အခါ ပိုထိရောက်ပြီးအကျိုးရှိမှာပါ”
ရဲတပ်ဖွဲ့အတွင်း အမျိုးသမီးများပါဝင်လာမှုက လုပ်ငန်းဆောင်ရွက်ရာမှာလည်း ပိုမိုထိရောက်စေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသမီးတွေပါဝင်တဲ့ ရဲအဖွဲ့ဟာ လုပ်ငန်းဆောင်ရွက်မှုအပိုင်းမှာ ပိုမိုအဆင်ချောလေ့ရှိပြီး အမျိုးသားရဲတွေနဲ့နှိုင်းစာရင် ရဲမေတွေဟာ အရပ်သားအပေါ် အကြမ်းဖက်မှုကျူးလွန်နိုင်ခြေ ပိုနည်းပါးတာကြောင့်ပဲဖြစ်ပါတယ်။
ဒေသခံရဲလုပ်ငန်းမှာ အမျိုးသမီးတွေပါဝင်လာအောင် မည်သို့ဆောင်ရွက်မလဲ
ယခုချိန်ခါကတော့ သမိုင်းတစ်လျှောက် မြန်မာနိုင်ငံသားတွေအပေါ် မတရားသဖြင့် အနိုင်ကျင့်ဗိုလ်ကျလာခဲ့တဲ့ လုံခြုံရေးအဖွဲ့အစည်းတွေကို ပြန်လည်တည်ဆောက်ဖို့ ရှားမှရှားတဲ့ အခိုက်အခါပဲဖြစ်ပါတယ်။ ဒီလိုအနိုင်ကျင့် ဗိုလ်ကျခံရတာလည်း အမျိုးသမီးတွေ၊ အထူးသဖြင့် တိုင်းရင်းသားလူနည်းစုက အမျိုးသမီးတွေဖြစ်နေလေတော့ အဆိုပါအဖွဲ့အစည်းတွေရဲ့ ပြုပြင်ပြောင်းလဲမှုမှာ တိုင်းရင်းသားအမျိုးသမီးတွေကို အဓိကနေရာကနေ ပါဝင်ခွင့်ပေးသင့်ပါတယ်။
အောက်ခြေအဆင့်မှာဆိုရင် ရဲတပ်ဖွဲ့ဝင်ခေါင်းဆောင်ပိုင်းဟာ အမျိုးသမီးတွေအပေါ် လေးစားမှုကို ထုတ်ဖော်ပြသဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူလူထုနဲ့တွေ့ဆုံမှုတွေပြုလုပ်ပြီး ရဲလုပ်ငန်းကို ဘယ်လိုမျိုးဖြစ်စေချင်သလဲဆိုတဲ့ မေးခွန်းမျိုး မေးဖို့လိုအပ်ပါတယ်။ ဒီနေရာမှာ ဒေသခံလုံခြုံရေးအဖွဲ့အစည်းကို ပုံဖော်ယူရာမှာ အမျိုးသမီးတွေရဲ့အသံကို မေ့မထားဖို့ လိုအပ်ပြန်ပါတယ်။ ဒေသခေါင်းဆောင်တွေအနေနဲ့လည်း ဒေသခံရဲလုပ်ငန်းနဲ့ပတ်သက်ပြီး ၎င်းတို့၏ထင်မြင်ယူဆချက်များကို ထုတ်ဖော်ပြောကြားဖို့လိုပါတယ်။ ဒါမှသာ ပေါ်ထွန်းလာတဲ့အဖွဲ့အစည်းဟာ လူမှုအသိုင်းအဝန်းတစ်ခုလုံးရဲ့ လုံခြုံရေးစိတ်ကူးစိတ်သန်းကို ထင်ဟပ်နိုင်မှာပဲဖြစ်ပါတယ်။
မူဝါဒပိုင်းအားဖြင့် NUG အစိုးရရဲ့ လုံခြုံရေးအဖွဲ့အစည်းများနဲ့ အခြားဒီမိုကရေစီလိုလားသော လုံခြုံရေးအဖွဲ့အစည်းများဟာ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုတဲ့ (Women, Peace and Security) WPS မူဘောင်ကို ကျင့်သုံးဖို့ စဉ်းစားနေကြပါတယ်။ WPS မူဘောင်နဲ့အညီ လုံခြုံရေးအဖွဲ့အစည်းများ ဖွဲ့စည်းခြင်းအားဖြင့် နုနယ်သေးတဲ့ NUG အစိုးရအတွက်ရော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအတွက်ပါ နိုင်ငံတကာနဲ့ပြည်သူတွေအမြင်မှာ ပိုပြီး ဘောင်ဝင်တန်းဝင်ဖြစ်လာစေပါလိမ့်မယ်။ ဒီနေရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ သူတို့ဆီမှာရှိနှင့်ပြီးသား ရဲတပ်ဖွဲ့တွေမှာ အမျိုးသမီးတွေကို ပိုမိုခေါ်ယူစေတာမျိုး လုပ်ရပါဦးမယ်။
WPS မူဘောင်ဟာဆိုရင် အမျိုးသမီးတွေကို ကြုံသလိုနေရာချထားပေးတဲ့ပုံစံမျိုးထက် သာလွန်ကောင်းမွန်တဲ့ နည်းလမ်းတွေဖော်ပြထားပါတယ်။ ဒီလိုမူဘောင်နဲ့သာဆိုရင်တော့ စစ်အာဏာရှင်ရဲ့ အမျိုးသားတွေချည်း အုပ်စီးထားတဲ့၊ ကြမ်းကြုတ်ပြီး တာဝန်ခံမှုမရှိတဲ့ ရဲတပ်ဖွဲ့လိုဟာမျိုးနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်သွားမှာသေချာပါတယ်။
အမျိုးသမီးတွေပါဝင်လာခြင်းက အရင်ရှိပြီးသား အဖိုတွေပဲဦးဆောင်တဲ့ပုံစံမျိုးကို အားသစ်လောင်းဖို့မဟုတ်ပါဘူး။ တာဝန်ခံယူမှုရှိခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းဆိုတဲ့ ကိစ္စရပ်တွေမှာ – ဥပမာ ရဲကျင့်ဝတ်လိုဟာမျိုး၊ ကြားဖြတ်တရားစီရင်ရေးလို ကိစ္စမျိုး၊ ဒီလိုကိစ္စရပ်တွေမှာ အမျိုးသမီးတွေကို ပါဝင်စေခြင်းဖြင့် ဒီလုံခြုံရေးအဖွဲ့အစည်းတွေကို အောက်ခြေကစပြီး ထိရောက်တိုးတက်စေပါလိမ့်မယ်။
သဘောထားအမြင်တွေပြောင်းလဲခြင်းနဲ့ လုံခြုံရေးအဖွဲ့အစည်းများအတွင်း အမျိုးသမီးတွေထည့်ဝင်နိုင်တဲ့ စွမ်းပကားကို သိရှိနားလည်လာခြင်းက လက်ရှိတော်လှန်ရေးကို ပိုအားကောင်းလာစေဖို့ အမှန်တကယ်ကို လုပ်ဆောင်ယူလို့ရနိုင်တဲ့ကိစ္စတစ်ခုဖြစ်တဲ့အကြောင်း တင်ပြပေးချင်ပါတယ်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့က USIP website ပါ Hkawn Htoi; Gabriela Sagun ရေးသားဖော်ပြခဲ့သော လေ့လာသုံးသပ်ချက်ကို Hsan Loi Voice မှ အနီးစပ်ဆုံး ဘာသာပြန်ပါသည်။ The Role of Women in Myanmar’s Evolving Security Institutions မူရင်းအင်္ဂလိပ်ဘာသာ အရေးအသားသည်သာ အသင့်လျော်ဆုံးနှင့် အမှန်ကန်ဆုံးဖြစ်ပါသည်။
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/
ဓါတ်ပုံ (မြန်မာ့ခုခံတော်လှန်ရေးတပ်ဖွဲ့ဝင်များကို မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်ရှိအခြေစိုက်စခန်းတစ်ခုတွင်တွေ့ရစဉ် ၂၀၂၂ ခုနှစ်၊ မတ်လ ၈ ရက်)