တစ်နိုင်ငံလုံး မဲပြန်ရေတွက်ရန်နဲ့ မဲရေတွက်မှုမှာ ပိုမိုပွင့်လင်းမြင်သာမှုရှိရန်ဆိုပြီး ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက် ထိုင်းရွေးကောက်ပွဲကော်မရှင်(EC) ရုံးရှေ့ အပြင်ဘက်မှာ တက်ကြွလှုပ်ရှားသူအဖွဲ့တစ်ဖွဲ့ က စုဝေးပြီး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

တက်ကြွလှုပ်ရှားသူနဲ့ အရပ်ဖက်အဖွဲ့အစည်းအချို့မှ ကိုယ်စားလှယ် ၂၀ ဦးခန့်ဟာ ရွေးကောက်ပွဲ ကော်မရှင်(EC)ထံ အချက် ၅ ချက်ပါ တောင်းဆိုချက်တစ်စောင် တင်သွင်းပြီး အဲ့ဒီတောင်းဆိုချက်မှာ (၁)နိုင်ငံတစ်ဝန်း ပွင့်လင်းမြင်သာစွာ မဲပြန်ရေတွက်ရန် ၊ (၂) မမှန်ကန်မှုများနှင့် ဆက်စပ်နေသည်ဟု စွပ်စွဲခံရ သော တာဝန်ရှိသူများ အပေါ် စုံစမ်းစစ်ဆေးရန်၊ (၃) မဲရုံအဆင့် ရလဒ်များကို ချက်ချင်း ထုတ်ပြန်ရန်၊ (၄) ပြင်းထန်သော ကွဲလွဲမှုများ တွေ့ရှိရသည့် မဲဆန္ဒ နယ်များတွင် ရွေးကောက်ပွဲ ပျက်ပြယ်ကြောင်း ကြေညာကာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် (၅) ပြဿနာများ ဖြေရှင်းပြီးနောက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ၇ ဦးလုံး နုတ်ထွက်ရန် စတဲ့အချက်တွေပဲဖြစ်ပါတယ်။
ဆန္ဒပြခေါင်းဆောင် Noppasin Treerayapiwat က ရွေးကောက်ပွဲရှုံးနိမ့်မှုကို လက်ခံနိုင်သော်လည်း ပွင့်လင်းမြင်သာမှု မရှိခြင်းကို လက်မခံနိုင်ကြောင်း၊ EC မှ အရေးယူဆောင်ရွက်ရန် ပျက်ကွက်ပါက ပိုမိုပြင်းထန်တဲ့ ဆန္ဒပြပွဲ ဆက်လက်လုပ်ဆောင်သွားနိုင်တယ်လို့ သတိပေးခဲ့ပြီး ယခုဆန္ဒပြပွဲရဲ့ နောက်ကွယ်မှာ မည်သည့် နိုင်ငံရေးပါတီကမျှ မရှိဘူးလို့ ပြောဆိုထားပါတယ်။
EC ရဲ့ ဒုတိယအထွေထွေအတွင်းရေးမှူး Nattawat Sangiamsak က တိုင်ကြားချက်အားလုံးကို ဥပဒေ လုပ်ထုံးလုပ်နည်းများအတိုင်း ပြန်လည်စိစစ် ဆောင် ရွက်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံခြား မဲရုံများအပါအဝင် နိုင်ငံတစ်ဝန်းရှိ မဲရုံပေါင်း ၁ သိန်းခန့်မှ မဲရုံအဆင့် ရလဒ်တွေကို ခရိုင်နဲ့ ဗဟို ရွေးကောက်ပွဲကော်မရှင် ဝက်ဘ်ဆိုက်များမှာ ၂ ရက်အတွင်း တင်ပြသွားမယ်လို့ ထပ်လောင်းပြောကြား ခဲ့ပါတယ်။
ဆန္ဒပြသူများကလည်း “မဲပြန်ရေတွက်ပါ၊ မဲပြန်ရေတွက်ပါ” လို့ ကြွေးကြော်ခဲ့ကြပြီး ကော်မရှင် အနေဖြင့် တာဝန်ယူရန် ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲဝေဖန်ခဲ့ကြပါတယ်။