ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ပြီးခဲ့သည့် ဇွန်လ (၁၇)ရက်နေ့က သျှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆီဆိုင်ကြီးကျေးရွာမှ ဒေသခံပြည်သူများကို စစ်အသုံးစရိတ်အဖြစ်ဆိုပြီး စစ်ကောင်စီနှင့် ၎င်းတို့လက်အောက်ခံဖြစ်တဲ့ PNO ပြည်သူ့စစ်က တစ်အိမ်ကို ကျပ်(၅)သိန်း ဆတ်ကြေးကောက်ခံကြောင်း သိရသည်။
ဒါ့အပြင် နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ်လုပ်ကိုင်သူရှိသည့် အိမ်များကို တစ်အိမ်(၈)သိန်းကျပ် စစ်အသုံး စရိတ် ကောက်ခံကြောင်း PNLA သတင်းရင်းမြစ်ထံမှသိရသည်။
“ ကျွန်တော်တို့ က စစ်ရှောင်ပြီး ပြန်လာတာ မကြာသေးဘူး၊ ဟိုနေ့က အစည်းအဝေးခေါ်ပြီးတော့ စစ်စရိတ်အတွက် တစ်အိမ်ကို (၅)သိန်းပေးရမယ်တဲ့၊ ကျွန်တော်တို့က စစ်ရှောင်နေရတာကြာပြီ အလုပ်လည်း ကောင်းကောင်းလုပ်မရတော့ ဘယ်လိုလို့ (၅)သိန်းပေးနိုင်မှာလဲ ခက်ခဲတာပေါ့” လို့ ဒေသခံတစ်ဦးက ပြောသည်၊
စစ်စရိတ်အတွက် ဆတ်ကြေးကောက်သည့်အပြင် တစ်လကို တပ်သားသစ် (၆)ဦး ပို့ဆောင်ပေးရမည်ဟု သိရသည်။
ပြီးခဲ့သည့် ဇွန်လ(၁၉)ရက်နေ့က ဆီဆိုင်မြို့နယ် လွယ်မောတောင်ဒေသ ထမ့်ယံတိုင်ကျေးရွာအနီးမှာ စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုးလာသဖြင့် ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)နဲ့ နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ (၃)ဦးထက် မနည်းသေဆုံးကြောင်းသိရသည်။
ယခု စိုက်ပျိုးရာသီဖြစ်သော်လည်း ဒေသခံပြည်သူ များအနေနဲ့ မိမိတို့ တောင်ယာစိုက်ပျိုးရေးအလုပ်ကို သွားရောက်လုပ်ကိုင်ရန် ကြောက်လန့်နေရပြီး ရွာပြင်နှင့် တောင်ယာစိုက်ခင်းထဲတွေ့ရှိပါက တော်လှန်ရေးတပ်ဖွဲ့ ဟု သတ်မှတ်ပြီး ပစ်သတ်မည်ဟု စစ်ကောင်စီနှင့် ပြည်သူ့စစ်(PNO) အဖွဲ့တို့က ခြိမ်းခြောက်ထားကြောင်း သိရှိရပါသည်။