ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် MNDAA, TNLA, AA တို့၏ မြောက်ပိုင်းမဟာမိတ် ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ၂၀၂၃ခုနှစ် အောက်တိုဘာလ နောက်ဆုံးအပတ်ခန့်ကစတင်ပြီး တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ စုစည်းမှုအားကောင်းမှုအပြင် တော်လှန်ရေးတပ်ဖွဲ့များ၏ ပူးပေါင်းပါဝင်မှုကြောင့် သျှမ်းပြည်နယ်မြောက်ပိုင်းရှိ မိုင်းလုံ၊ မိုင်းငေါ့၊ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ နမ္မတူ၊ ကွမ်းလုံ၊ ဟိုပန်၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ဖောင်းဆိုင်၊ မုံးကိုး၊ ပန်ဆိုင်း စသည့်မြို့များအား သိမ်းပိုက်နိုင်ခဲ့သည်။
ထို့နောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၁၁)ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်တို့ တရုတ်နိုင်ငံကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး ယာယီအပစ်အခတ်ရပ်စဲခဲ့ကြသည်။ သျှမ်းပြည်နယ်မြောက်ပိုင်း၌ အပစ်အခတ်ရပ်စဲသွားသော်လည်း သျှမ်းပြည်နယ်တောင်ပိုင်းအပြင် တစ်နိုင်ငံလုံးရှိ တော်လှန်ရေးအင်အားများနှင့် စစ်ကောင်စီတပ်တို့ ယနေ့အထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်။
ယခုအခါ သျှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်များထံ သိမ်းပိုက်ရရှိထားသော မြို့နယ်များအား MNDAA နှင့် TNLA အဖွဲ့က အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နေပြီဖြစ်ပြီး စစ်မှုထမ်းဥပဒေများပါ ထုတ်ပြန်ကြေညာခဲ့သည်ကို တွေ့ရသည်။
သျှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်း(ကြူကုတ်)မြို့နယ်တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ကတည်းက MNDAA က ၎င်းတို့၏ အုပ်ချုပ်ရေးကို စတင်ဆောင်ရွက်ခဲ့ပြီး ထိုအထဲတွင် အသက်(၁၅)နှစ်အထက်နှင့် (၅၀)နှစ်အောက် အမျိုးသားရော အမျိုးသမီးပါမကျန် အိမ်ထောင်စုစာရင်းကောက်ခံပြီး တပ်သားသစ်စုဆောင်းမှု စတင်ခဲ့သည်။ MNDAA အနေဖြင့် ၎င်းတို့အုပ်ချုပ်ရေးနယ်မြေများ၌ မိသားစုတစ်စုတွင် သားသမီး(၂)ဦးရှိပါက တစ်ဦး ၊ သားသမီး(၄)ဦးနှင့်အထက်ရှိပါက (၂)ဦးက ၎င်းတို့အဖွဲ့ထံ စစ်မှုထမ်းဆောင်ရမည်ဟု တပ်သားသစ်စုဆောင်းသူ MNDAA အဖွဲ့ဝင်တစ်ဦးက ပြည်သူများကို ပြောပြခဲ့သည်။
ဒါ့အပြင် သျှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA သိမ်းပိုက်ရရှိထားသော မြို့နယ်များ၌ စစ်ကောင်စီ၏ အုပ်ချုပ်ရေးနှင့်ဥပဒေများအား ပယ်ဖျက်ကြောင်း MNDAA က (၁၄.၁.၂၀၂၄) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။ MNDAA ဥက္ကဌ ဦးဖုန်တာရွှင်သည် ဇန်နဝါရီလ(၂)ရက်နေ့တွင် ၎င်းတို့သိမ်းပိုက်ထားသော သျှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်များအား သျှမ်းပြည်နယ် အထူးဒေသ(၁)အဖြစ် ထူထောင်မည်ဖြစ်ပြီး MNDAA ၏ အထူးဒေသ(၁)မူလဥပဒေနှင့် နည်းဥပဒေများ လုပ်ထုံးလုပ်နည်းများအား ကျင့်သုံးမည်ဟု ကြေညာခဲ့သည်။
အလားတူ သျှမ်းပြည်နယ်မြောက်ပိုင်းရှိ TNLA အဖွဲ့က သိမ်းပိုက်ရရှိထားသော မြို့နယ်များတွင် စစ်မှုထမ်းဆိုင်ရာ မူဝါဒများကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ၎င်းတို့၏ စစ်မှုထမ်းဥပဒေတွင် အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်းရှိသော တအာင်းလူမျိုးများအနေဖြင့် TNLA တွင် စစ်မှုထမ်းဆောင်စေရန်ဖြစ်သည်။ တအာင်းမိသားစုတစ်အတွင်း သားယောကျာ်းလေး(၂)ဦးနှင့် အထက်ရှိပါက တစ်ဦး စစ်မှုထမ်းဆောင်စေမည်ဖြစ်သည်။ သို့သော် ထိုသား(၂)ဦးတွင် (၁)ဦးက သာသနာ့ဘောင်ဝင်ရောက်နေသူ၊ ကျန်းမာရေး ချို့ယွင်းချက်ရှိသူနှင့် မသန်စွမ်းသူများရှိပါက စစ်မှုထမ်းခွင့်ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။ သားယောကျာ်းလေးမရှိဘဲ သမီး(၃)ဦးနှင့်အထက်ရှိသော မိသားစုတစ်စုတွင်လည်း တစ်ဦး စစ်မှုထမ်းဆောင်စေမည်ဟု သိရသည်။ ၎င်းတို့ ထုတ်ပြန်လာသော မူဝါဒတွင် အခြားသော သျှမ်းပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ယှဉ်ကြည့်ပါက အနည်းငယ် ဖြေလျော့ထားသည်ကို ထင်မြင်စေသော်လည်း စစ်မှုထမ်းကာလကို ဖော်ပြထားခြင်းမရှိပါ။
သျှမ်းပြည်နယ်တွင် ဒေသခံများအား စစ်မှုထမ်းဆောင်စေခြင်းကို သျှမ်းပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးက ကျင့်သုံးလာသည့်မှာ ယခင်ကတည်းကဖြစ်သည်။
“သျှမ်းပြည်မှာနေရတာ စစ်ပွဲဖြစ်တဲ့ဒဏ်တွေထက် စစ်သားကောက်တာကို သျှမ်းပြည်ကသူတွေက ပိုကြောက်ကြတယ်။”ဟု သျှမ်းပြည်သူတစ်ဦးက ပြောပြသည်။
စစ်မှုထမ်းဆောင်ခြင်းမပြုလုပ်လိုကြသူများ မိမိအိုးအိမ်ပိုင်ဆိုင်မှုများကို ထားရစ်ပြီး အိမ်နီးချင်းနိုင်ငံများထံ ထွက်ပြေးတိမ်းရှောင်ကြသူများလည်း နေ့စဉ်နှင့်အမျှ မြင့်တက်နေဆဲဖြစ်သည်။
ယခုအခါ သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အထိ စစ်ပွဲများ ရောက်ရှိလာခဲ့ပြီး PNLA+PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီ+PNA အဖွဲ့တို့က တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယနေ့အထိ ဆီဆိုင်မြို့ကို ပြည်သူများ အိမ်ပြန်နိုင်ခြင်းမရှိသေးပါ။ အခြားတစ်ဖက်တွင်လည်း PNO ပအိုဝ်းဒေသအတွင်းရှိ ကျေးရွာများအား ၎င်းတို့ထံ စစ်မှုထမ်းဆောင်စေရန် တစ်ရွာ(၆)ဦးနှုန်းဖြင့် ခေါ်ယူနေပြီဖြစ်သည်။
အခြားနောက်တစ်ဖက်တွင် စစ်ကောင်စီတပ်ဖက်ကလည်း အဖက်ဖက်က ယိုယွင်းအားနည်းလာသော ၎င်းတို့အင်အားကို ဒေသခံပြည်သူများအား ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းပြီး တပ်သားစုဆောင်းနေသည်ကို မြင်တွေ့ရသည်။ ထို့ကြောင့် သျှမ်းပြည်ရှိ ပြည်သူလူထုများအနေဖြင့် စစ်ရေးပဋိပက္ခများကြောင့် စီးပွားရေး၊ လူမှုရေး ကျဆင်းနေသည့် အချိန်ကာလတွင် အဖွဲ့အစည်းအသီးသီးက အင်အားစုဆောင်းနေသည်မှာ ပိုမိုစိုးရိမ်စရာဖြစ်နေပါကြောင်း သုံးသပ်တင်ပြပါသည်။