ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း စစ်ဘေးရှောင်များနှင့် RCSS အဖွဲ့နှင့်ပတ်သက်ဖူးသူများအား SSPP အဖွဲ့မှ သက်ကြီးရွယ်အိုပါမကျန် အရွယ်မရောက်သေးသော ကလေးသူငယ်များပါ မကျန် လိုက်လံဖမ်းဆီးနေသည်ဟု သိရသည်။
(၂၉.၄.၂၀၂၃) ရက်နေ့ ညပိုင်းလူအိပ်ချိန် (၁၁)နာရီမှ နံနက်(၅)နာရီခန့်အထိ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအုပ်စုအတွင်း ရွေ့ပြောင်းနေထိုင်လာကြသည့် စစ်ဘေးရှောင်များအား SSPP အဖွဲ့မှ အင်အားအလုံးအရင်းဖြစ် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ဒါ့အပြင် RCSS အဖွဲ့ တပ်သားများ၏ မိသားစုဝင်များကိုလည်း ကလေးရော သက်ကြီးရွယ်အိုပါမကျန် ဖမ်းဆီးခေါ်ဆောင်လျက်ရှိသည်။ တစ်ညအတွင်း ကား(၆)စီးစာခန့် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရကြောင်း သိရသည်။
(၃၀.၄.၂၀၂၃) ရက်နေ့တွင်လည်း ညနေပိုင်း (၆) နာရီခန့်ကတည်းက SSPP အဖွဲ့သားများသည် နောင်ပိန်ရွာအတွင်း ရောက်လာကြပြီး အကြောင်းအမျိုးမျိုးကြောင့် ရွေ့ပြောင်းနေထိုင်သူများအား ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟုဆိုသည်။
“မနေ့က နောင်ပိန်ဘက်က ဖမ်းလာတဲ့သူတွေကို နမ့်ဟန်ခိတ်ရွာနဲ့ဟဲကွီရွာမှာ ခဏနားတော့ မြင်ရတာတော်တော်စိတ်မကောင်းဖြစ်ရတယ်။ သက်ကြီးရွယ်အိုတွေတော်တော်များများပါ သွားတယ်။ ပြီးတော့ အသက်(၉)နှစ်(၁၀)နှစ်အရွယ်ကလေးတွေလည်း ပါတယ်။ တချို့တွေက စစ်သားစုဆောင်းတာကို ကြောက်ပြီး လွတ်ရာကို ထွက်ပြေးနေထိုင်ကြတယ်။ အဲ့ဒါကို သူတို့ထွက်ပြေးတဲ့ နေရာအထိ လိုက်လံဖမ်းဆီးခေါ်ဆောင်နေကြတာ။ RCSS အဖွဲ့မှာ စစ်သားစုဆောင်းခြင်းခံရတဲ့ မိသားစုဝင်တွေကိုလည်း ယောကျာ်း၊ မိန်းမပါမကျန် သူတို့က ပြန်ဖမ်းတယ်။ ပြီးတော့ အစားထိုးစစ်သားပြန်လာပေးမှ လွတ်ပေးမယ်ဆိုပြီးပြောနေတော့ ပြန်ပေးဆွဲနေတာနဲ့အတူတူပဲ။ အရင်တုန်းက သူတို့စစ်သားစုဆောင်းမယ် ဒါမှမဟုတ်ရင် တစ်ယောက်ယောက်ကို ဝင်ဖမ်းမယ်ဆို ရွာလူကြီးတွေကို အသိပေးပေမယ့် အခုက ဘယ်သူ့ကိုမှ အကြောင်းမကြားဘဲ ဝင်ဖမ်းတာဆိုတော့ အများကြီးအဖမ်းခံလိုက်ရတယ်။” ဟု ၎င်းဒေသတွင် နေထိုင်သော အမည်မဖော်လိုသူတစ်ဦးက ပြောပြသည်။
ဒါ့အပြင် နမ့်ဟန်ခိတ်ကျေးရွာတွင်လည်း ဒေသခံပြည်သူများအား အပြင်ထွက်ခွင့် တားမြစ်ထားပြီး ကျေးရွာအတွင်းရှိ RCSS ထံ စစ်သားသွားလုပ်ရသည့် မိသားစုဝင်များလည်း ဖမ်းဆီးလျက်ရှိသည်။
“နမ့်ဟန်ခိတ်၊ ပုံဝိုး၊ ဟဲကွီ ဘက်မှာလည်း RCSS ထံမှာ စစ်သားသွားလုပ်နေတဲ့သူတွေရဲ့ မိဘတွေကိုလည်းဖမ်းနေတယ်။ အဲ့လူတွေလည်း အစကတည်းက စစ်သားလုပ်ချင်လို့မဟုတ်ဘူးလေ စစ်သားစုဆောင်းမှု ကောက်ခံရလို့ ပါသွားတာပါ။ အခုနောက်မှာကျန်နေတဲ့ မိသားစုဝင်တွေကို နောက်တစ်ဖွဲ့က ပြန်ဖမ်းတယ်ဆိုတော့ ဒီဒေသမှာ ကျနော်တို့ ဘယ်လိုဆက်နေရတော့မလဲ။ တချို့တွေဆို တောင်ယာသွားပြီး အပြန်လမ်းမှာ အဖမ်းခံရတာတွေလည်းရှိတယ်။ ညပိုင်းထွက်လို့ အဖမ်းခံရတာတွေလည်းရှိတယ်။ ပြီးတော့ RCSS မှာ စစ်သားသွားလုပ်ပြီး ထွက်ပြေးလာတဲ့သူတွေ ဒါမှမဟုတ်ရင်လည်း သက်တမ်းပြည့်လို့ ကိုယ့်အိမ်မှာပြန်လာနေတဲ့လူတွေကိုလည်း ဖမ်းနေတယ်။ တစ်ချို့တွေဆို အိမ်ထောင်ပြုပြီး မိသားစုနဲ့ဖြစ်နေပြီကို အဖမ်းခံလိုက်ရတယ်။” ဟု အမည်မဖော်လိုသူ တစ်ဦးကပြောသည်။
SSPP အဖွဲ့တွင် စစ်ရေးလေ့ကျင့်သင်ကြားပြီး ကျေးရွာအတွင်း လူငယ်ခေါင်းဆောင်အဖြစ် ၎င်းတို့ပြန်ခန့်အပ်ထားသော လူငယ်များကိုလည်း စစ်မှုထမ်းရန် ပြန်လည်စုဆောင်းခေါ်ဆောင်နေသည်ဟု ဆိုသည်။ SSPP အဖွဲ့၏ ဒေသခံများအပေါ် လူ့အခွင့်အရေးချိုးဖောက်နေမှုကို သျှမ်းအသိုင်းအဝိုင်းရှိ လူ့အချို့အရေးအဖွဲ့အစည်းများ၊ ပါတီများမှ မည်သည့် ထုတ်ပြန်မှုမှ ပြန်လုပ်ပေးခြင်းမရှိပါ။
sources & ငဝ်းလႅင်းႁူၼ်ႈမ်ႂႇ