ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

စစ်ပွဲကြားက တွေ့ရသော သျှမ်းပြည်မိဘပြည်သူများ၏ ကိုယ်ချင်းစာတရားများ

စစ်ပွဲကြားက တွေ့ရသော သျှမ်းပြည်မိဘပြည်သူများ၏ ကိုယ်ချင်းစာတရားများ

Hsan Loi Editor
12/07/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်းတွင် တစ်နေ့ထက်တစ်နေ့ စစ်ပွဲများ ပိုမိုပြင်းထန်လာလျက်ရှိသောကြောင့် ဒေသခံပြည်သူများ ဘေးကင်းရာနေရာသို့ နေအိမ်ကိုစွန့်ခွာထွက်ပြေးနေကြရသည်မှာ အားလုံးအသိပင်ဖြစ်သည်။

 

အသက်အန္တရာယ်ကင်းဖို့ မိသားစုလုံခြုံရေးကိုသာ ဦးစားပေးထွက်ပြေးတိမ်းရှောင်ရသူများဖြစ်သည့်အလျောက် အရေးကြီးပစ္စည်းမှလွဲပြီး ပိုင်ဆိုင်မှုအကုန်လုံးနီးပါး မိမိတို့အိမ်ရာများတွင် ထားရစ်ခဲ့ရသူများဖြစ်သည်။

 

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အား MNDAA က ရှော့တိုက်ဒုံးဖြင့် မကြာခဏပစ်ခတ်တိုက်ခိုက်မှုသည် ပြည်သူလူထုနေအိမ်အပေါ် ကျရောက်ပြီး အသက်ဆုံးရှုံးရသည့် ဒေသခံလည်း တစ်နေ့ထက်တစ်နေ့ အရေအတွက် တိုးလာနေသည်။

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှ သျှမ်းပြည်နယ်တောင်ပိုင်းသို့ တိမ်းရှောင်မည်ဆိုပါက လားရှိုးမြို့တွင်းမှ မြို့ပြင်အထိ ရောက်ရှိရန် အချိန် (၃၆) နာရီနီးပါး တစ်ရက်ခွဲနီးပါးအထိ ကားတန်းရှည်ကြီးအား ဖြတ်သန်းမောင်းနှင်ရသည်။

 

“ လားရှိုးမှာ ကြိုးစားပြီးဆက်နေဖို့ လုပ်နေသေးပေမယ့် ကျမတို့အိမ်အနားမှာပဲ ရှော့တိုက်ဒုံးကျပြီး လူ (၂) ယောက်သေသွားတော့ မြို့ကနေအမြန်ဆုံး စွန့်ခွာဖို့ ဆုံးဖြတ်ပြီး ထွက်လာခဲ့ကြတာပေါ့။ အဲ့ဒါနဲ့ အိမ်ကနေ မြို့ပြင် ကားလမ်းဖြောင့်ဖြောင့် မောင်းနိုင်ဖို့ဆိုရင် တစ်ရက်ခွဲလောက် ကားတန်းထဲမှာပိတ်နေခဲ့တာ။ တစ်လှိမ့်ချင်း လှိမ့်ပြီးထွက်ရတော့ ကားမောင်းတဲ့ကျမက တစ်ရက်ခွဲအထိ လုံးဝမအိပ်ရဘူး။ လမ်းကောင်းရောက်တဲ့အချိန် ဘယ်လိုမှ ဆက်မမောင်းနိုင်တော့လို့ ၂ နာရီလောက် လမ်းဘေးမှာ ကားချရပ်ပြီး ခဏအိပ်ပြီးမှ နမ့်လန်အထိ မောင်းခဲ့ရတာပါ။” ဟု မိသားစုနှင့်အတူ နမ့်လန်မြို့ကို ရောက်ရှိလာသော လားရှိုးဒေသခံ အမျိုးသမီးတစ်ဦး လမ်းခရီးအတွေ့အကြုံပြောပြသည်။

 

အမျိုးမျိုးသော စစ်ဘေးစစ်ဒဏ်များကြောင့် အတိဒုက္ခရောက်ပြီး ထွက်ပြေးတိမ်းရှောင်ရသော မိဘပြည်သူများသည် နမ့်လန်မြို့တွင် စုပြုံပြီး တိုးဝေ့ရောက်ရှိနေကြသည်။ အချို့မှာ ဆွေမျိုးအသိုင်းအဝိုင်းများထံ ခိုလှုံခွင့်ရကြသော်လည်း တော်တော်များများ ဘုန်းကြီးကျောင်းများ၌ ပြည့်ကြပ်ပြီး ယာယီခိုလှုံကြရသည်။

 

ထိုမှတဆင့် သျှမ်းပြည်နယ်တောင်ပိုင်းသို့ ခရီးနှင်လာသော မိဘပြည်သူများအား ကိုယ်ချင်းစာသောအားဖြင့် နမ့်လန်မြို့၊ မိုင်းကိုင်မြို့၊ လဲချားမြို့၊ ပင်လုံမြို့၊ လွိုင်လင်မြို့၊ ဟိုပုံးမြို့နှင့် တောင်ကြီးမြို့အဝင်အထိ ဒေသခံများသည် ထမင်းထုပ်နှင့်ရေဗူးများ ပေးဝေပြီး အိုးအိမ်စွန့်ခွာလာရသူများကို နွေးထွေးသောကြိုဆိုမှုဖြင့် ကြိုဆိုကြသည်။ အိုးအိမ်ပစ်ပြီး ထွက်ပြေးလာရသူများအဖို့ ဒီလိုနွေးထွေးသော ကြိုဆိုအားပေးမှု၊ နှစ်သိမ့်စကားပြောမှုက သျှမ်းပြည်မှီတင်းနေထိုင်ကြသူအချင်းချင်း ရိုင်းပင်းကူညီတတ်သော ဓလေ့ကိုလည်း စစ်ပွဲကြားက မြင်တွေ့ရသော စေတနာများပင်ဖြစ်သည်။

 

“ နမ့်လန်မြို့ကနေ ထွက်လာပြီးတော့ တောင်ကြီးကို ကျနော်တို့ သူငယ်ချင်းအဖွဲ့ က ခရီးဆက်လာတဲ့အချိန်မှာ မိုင်းကိုင်မြို့ ဘုရားရှိတဲ့နေရာမှာ စစ်ဘေးရှောင်တွေကို အခမဲ့ ထမင်းကျွေးတဲ့နေရာရှိတယ်။ သူတို့ကအရမ်းဖော်ရွေကြတယ် တရုတ်တွေရော သျှမ်းတွေရော ဗမာတွေရော လူမျိုးပေါင်းစုံပဲ။ ကားခဏရပ်ပြီး ထမင်းစားနားကြပါ အပေါ့အပါးသွားကြပါနဲ့ နူတ်ဆက်ကြတယ်။ ကားမရပ်နိုင်တဲ့သူတွေအတွက်လည်း ထမင်းထုပ်နဲ့ရေဗူးပေးကြတယ်။ အဲ့လိုမြင်တော့ အိမ်ကိုထားပြီး ထွက်ပြေးလာရတဲ့ကျနော်တို့အဖို့ စိတ်သက်သာရာ နည်းနည်းရတာပေါ့။ အဲ့မှာထမင်းခဏရပ်စားပြီးတော့ တောင်ကြီးကို ဆက်လာတဲ့အချိန်မှာ လဲချားမှာရော ပင်လုံမှာရော တောင်ကြီးအထိကို အဲ့လိုလုပ်ပေးထားတာမြင်ရတယ်။ အဲ့လိုကုသိုလ်ပြုပေးကြတဲ့ သူတွေအားလုံးကို ကျေးဇူးအရမ်းတင်ပါတယ်လို့ ထပ်ပြောချင်ပါတယ်ဗျ။” တောင်ကြီးမြို့ကို ရောက်ရှိနေသော လားရှိုးစစ်ဘေးရှောင်တစ်ဦးကလည်း ထပ်မံပြောပြသည်။

 

လက်ရှိတွင် တောင်ကြီးမြို့ကို ရောက်ရှိလာသူများသည် နီးစပ်ရာဆွေမျိုးများထံ ဝင်ရောက်ခိုလှုံနေကြသလို ထပ်မံရောက်ရှိလာမည့် စစ်ဘေးရှောင်များကို တစ်စုတစ်စည်းတည်း ထားရှိနိုင်ရန် တောင်ကြီးမြို့ရှိ လူမှုကူညီရေးအသင်းများက ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

 

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ကို ရောက်ရှိလာသည့် စစ်ရှောင်ပြည်သူများအနေဖြင့် ခေတ္တစစ်ရှောင်ဖို့ နေရာထိုင်ခင်းနှင့် စားသောက်ရေးအတွက် အခက်အခဲများရှိပါက အောက်ပါဖုန်းနံပါတ်များ ဆက်သွယ်နိုင်ပါကြောင်းနှင့် စစ်‌ဘေးရှောင်ပြည်သူများအတွက် တောင်ကြီးမြို့ ဝေဠုဝန်ကျောင်း တိုက်မှာ ပြင်ဆင်ပေးထားကြောင်း သိရပါသည်။

 

ဆက်သွယ်ရန်ဖုန်းနံပါတ်များ

 

၁။ တောင်ကြီးမြို့ဝေဠုဝန်ကျောင်းတိုက်ဆရာတော်

 

095214770

 

၂။ ဦးစိုင်းဇော်ဇော် (တောင်ကြီး၊ နမ့်ခုံးရှမ်းများပရဟိတအသင်း)

 

095213894

 

၃။ နန်းနွန်းမို (ရှမ်းစာ/ယဉ်၊ တောင်ကြီး)

 

09425466665

 

၄။ နန်းယိင်းနောင့် (TYO၊ တောင်ကြီး)

 

09788984810

 

၅။ စိုင်းခမ်း (ပိဋကတ်ကျောင်းတိုက်၊ တောင်ကြီး)

 

09455585133