ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

စစ်တက္ကသိုလ် (DSA) ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရပြီးနောက် ပြင်ဦးလွင်မြို့နယ်အတွင်း တိုက်ပွဲပြန်လည်ဖြစ်ပွား

စစ်တက္ကသိုလ် (DSA) ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရပြီးနောက် ပြင်ဦးလွင်မြို့နယ်အတွင်း တိုက်ပွဲပြန်လည်ဖြစ်ပွား

Hsan Loi Editor
15/04/2024
Share:

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်အား ယမန်နေ့ (၁၄.၄.၂၀၂၄) ရက်နေ့ ည (၉) နာရီခန့်ကစတင်ပြီး တော်လှန်ရေးအင်အားစုများ၏ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း ခံခဲ့ရသည်။

 

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြင်ဦးလွင်ကို ရောက်ရှိနေကြောင်း သတင်းရရှိသည့်အတွက် အခုလိုတိုက်ခိုက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် စစ်ကောင်စီဥက္ကဋ္ဌသည် ညတွင်းချင်းပင် စစ်ရဟတ်ယာဉ်ဖြင့် ပြင်ဦးလွင်မှ ပြန်လည်ထွက်ခွာခဲ့သည်ဟု ဒေသသတင်းအရင်းအမြစ်များက ဆိုသည်။

 

ရှော့တိုက်ဒုံးများစွာဖြင့် ပစ်ခတ်မှုကြောင့် ပြင်ဦးလွင်စစ်တက္ကသိုလ်အပြင် ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီး၊ စစ်တက္ကသိုလ်အနီးရှိ ဘုန်းကြီးကျောင်းနှင့် ပလီတို့ကိုလည်း ထိခိုက်ခဲ့သည်ဟုဆိုသည်။

 

လက်တလော သတင်းရရှိမှုအရ ဘုန်းကြီး(၂) ပါးအပါအဝင် စစ်တက္ကသိုလ်မှ ဗိုလ်လောင်းအချို့နှင့် ပြည်သူ စုစုပေါင်း (၅) ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့သည်။

 

ရှော့တိုက်ဒုံး ပစ်ခတ်ခံရပြီးနောက် ပြင်ဦးလွင်မြို့တွင် အပြန်အလှန် ပြန်လည်ပစ်ခတ်တိုက်ခိုက်သည့်အသံများ ကြားရသည်ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးကဆိုသည်။

 

ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ်ရှိ ကျေးရွာများစွာထံ စစ်ကောင်စီဘက်က စစ်ကြောင်းများ စေလွှတ်ပြီး တောနင်းရှာဖွေတိုက်ခိုက်နေသည်ဟုဆိုသည်။

 

“ မနေ့က ပြင်ဦးလွင် DSA တိုက်ခံရပြီးတော့ ဒီမနက် စစ်သားတွေအများကြီး ရွာဘက်ရောက်လာကြတယ်။ ပစ်ခတ်သံတွေလည်း ကြားနေရတယ်။ လေယာဉ်နဲ့ပါ လိုက်ပစ်နေတဲ့အသံတွေကြားနေရတယ်။ အခုတော့ သရက်ကုန်းကျေးရွာအုပ်စုက ဘုန်းကြီးကျောင်း မီးလောင်သွားပြီ။ ဒီအနီးအနားတစ်ဝိုက်က ရွာသူရွာသားတွေလည်း ထွက်ပြေးတိမ်းရှောင်ကြပြီ။ ရွာထဲမှာတော့ စစ်သားတွေအပြည့်ပဲ။” ဟု ပြင်ဦးလွင်မြို့နယ် ညောင်ပင်သာရွာသားတစ်ဦးက ပြောပြသည်။

 

စစ်တက္ကသိုလ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်မှ စစ်ကြောင်းများဖြင့် ပြင်ဦးလွင်မြို့နယ် ကျေးရွာများအတွင်း ဝင်ရောက်လာကြပြီး လေကြောင်းတိုက်ခိုက်မှုလည်း ပြုလုပ်နေသည်ဟု သတင်းရရှိသည်။