ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
နှစ်ရှည်ထောင်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၉ ရက်က နေပြည်တော်မှာ တွေ့ခွင့်ရခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမုဒ်ဝိနိုင်း (Don Pramudwinai) က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ်ကလည်း ဒီသတင်းမှန်ကန်ကြောင်း အတည်ပြုပါတယ်။ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမစခင် နှစ်ရက်အလိုမှာ ဒီလိုတွေ့ခွင့်ရတာဖြစ်ပြီး အာဏာသိမ်း နှစ်နှစ်ကျော်ကာလထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံးတွေ့ခွင့်ရတဲ့ နိုင်ငံတကာသံတမန်တဦး ဖြစ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျစဉ်ကာလတွေအတွင်း နိုင်ငံခြားသံတမန်တွေ၊ နိုင်ငံတကာအဖွဲ့အစည်း အထူးကိုယ်စားလှယ်တွေနဲ့ တွေ့ခွင့်ပြုတဲ့ စစ်ကောင်စီရဲ့နည်းနာဟာ အရင်စစ်အစိုးရအဆက်ဆက် ကျင့်သုံးခဲ့တဲ့ စာအုပ်ဟောင်းထဲက နည်းနာအတိုင်း လုပ်ခဲ့ပုံပါပဲ။ ၁၉၈၉ ခုနှစ်ကစပြီး ၂၀၂၃ ခုနှစ်အတွင်း ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ် အကျယ်ချုပ်ချထားတဲ့အချိန် ဒါမှမဟုတ် အကျဉ်းချထားချိန်တွေမှာ နိုင်ငံတကာသံတမန်တွေနဲ့ တွေ့ခွင့်ပြုခဲ့တာ ၁၂ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတွေ့ဆုံမှုတွေကြောင့် မြန်မာ့နိုင်ငံရေးဟာ အကျပ်အတည်းကနေ ထွက်ပေါက်အလှည့်အပြောင်းကို မရှေးရှုစေခဲ့တာတော့ သတိပြုစရာဖြစ်တယ်လို့ ISP က ကနဦးသုံးသပ်ချက်မှာထည့်သွင်းထားပါတယ်။
အခုလည်း နိုင်ငံတကာရဲ့ဖိအားလျော့စေဖို့နဲ့ နိုင်ငံတကာမှာ မြန်မာ့အရေးချဉ်းကပ်ပုံ သဘောထားတွေ ကွဲလွဲလာစေဖို့၊ ပြည်တွင်းအင်အားစုတွေအကြား အက်ကြောင်းထင်ကွဲပြဲစေဖို့ကို ရှေးရှုနိုင် ခြေပိုများပါတယ်။အဲသလို ဖိအားလျော့ရေး၊ သွေးခွဲရေးဗျူဟာဟောင်းမှာ အရေး ကြီးလှတဲ့ နိုင်ငံရေးစတိုရီဇာတ်ကြောင်း ဖော်တာကိုတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်က စနစ်တကျ တည်ဆောက်ပေးနေပုံရပါတယ်။
ဒွန်ရဲ့အမြင်အရ မြန်မာနိုင်ငံမှာ ပဋိပက္ခနှစ်ခုရှိပါတယ်။ အရပ်ဘက် – စစ်ဘက်ဆက်ဆံရေးနဲ့ လက်နက်ကိုင်ပဋိပက္ခပါ။ သူ ဆိုတာက “လက်နက်ကိုင် တိုက်ခိုက်မှုတွေက မြန်မာနိုင်ငံ လွတ်လပ်ရေးရချိန် ၁၉၄၈ ခုနှစ်က စတင်ခဲ့ပြီး၊ နိုင်ငံရေးပဋိပက္ခကတော့ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းချိန်ကစလို့ စစ်ဘက် – အရပ်ဘက် ခေါင်းဆောင်တွေအကြား ညှိနှိုင်းမရတဲ့ နိုင်ငံရေး သဘောထားကွဲလွဲမှုတွေက ပေါ်ထွက်လာတာပါ” လို့ Matichon သတင်းဌာနရဲ့ ထိုင်းဘာသာနဲ့ဖော်ပြချက်မှာ ဆိုထားပါတယ်။ ဒွန်က “ပဋိပက္ခနှစ်ခုကို ခွဲခြားမှသာ မြန်မာ့နိုင်ငံရေး ပြဿနာကို ထိရောက်စွာ ဖြေရှင်းနိုင်မယ်”လို့ဆိုပါတယ်။ သူက “လက်ရှိ နိုင်ငံရေးပဋိပ က္ခက အဓိကပဲ၊ ကျန် အကြောင်းအချက်တွေက ဒုတိယ” လို့ မြင်ပါတယ်။ အာဆီယံဖွဲ့အနေနဲ့ ဒီနိုင်ငံရေးပဋိပက္ခကို ဖြေရှင်းဖို့အတွက် ယုံကြည်မှုတည်ဆောက်ရေးကို ဦးစားပေးဆောင်ရွက်သင့်တယ်လို့ ဒွန်က အဆိုပြုကြောင်း မီဒီယာမှာ ဖော်ပြပါတယ်။ ဒီအချက်ဟာ မြန်မာ့အရေးအပေါ် ငြီးငွေ့နေတဲ့ အာဆီယံနိုင်ငံတချို့အတွက် စိတ်ဝင်စားဖွယ် နိုင်ငံရေးစတိုရီ ဖြစ်နိုင်ပါတယ်။ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံကလည်း ဒါကို ထောက်ခံဖွယ် ရှိပါတယ်။ အခြားတဖက်မှာလည်း မြန်မာ့အရင်းခံပြဿနာဟာ ပြည်ထောင်စုကြန်အင်လက္ခဏာ မတည်ဆောက်နိုင်ခဲ့တဲ့ ပြဿနာ (Nation-Building Failure) ဖြစ်တယ်လို့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း (အထူးသဖြင့် အင်ဒိုနီးရှားက အာဆီယံဥက္ကဋ္ဌ တာဝန်ယူပြီးနောက်ပိုင်း) နိုင်ငံတကာမှာ ကျယ်ကျယ်ပြန့်ပြန့် လက်ခံလာကြတာရှိပါတယ်။ ဒါကြောင့် ဒွန်အဆိုပြုတဲ့ စစ်ဘက် – အရပ်ဘက် ပဋိပက္ခဖြေရှင်းရေးကို အရင်းခံပြဿနာ ရေ သောက်မြစ် အကြောင်းတရားနဲ့ ချိတ်ဆက်မဆောင်ရွက်နိုင်ဘူးဆိုရင် မြန်မာ့နိုင်ငံရေးဟာ အဆိုးကျော့သံသရာကနေ ရုန်းထွက်ဖို့ ခက်ပါလိမ့်မယ်။ လက်တွေ့အကောင်အထည်ဖော်ရာမှာလည်း အင်အားစုအားလုံး ပါဝင်ဆောင်ရွက်နိုင်မယ့် (All-Inclusiveness) အခင်းအကျင်းမျိုးကို အဓိပ္ပာယ်ဖွင့်ရာမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီများ (EPPs) ကို အတူတကွပါဝင်စေပြီး တိုင်းရင်းသားတန်းတူရေးနဲ့ တရားမျှတမှုကို အခြေခံ ဖော်ဆောင်ပေးဖို့ လိုအပ်တယ်လို့ ISP-Myanmar က ရှုမြင်ထားတာတွေကို HsanLoiVoice က ကောက်နုတ်တင်ပြထားခြင်းဖြစ်ပါတယ်။