နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
စစ်ကောင်စီက အပစ်ရပ်ကြေညာထားတဲ့ သင်္ကြန်ကာလအတွင်းမှာတွင် နိုင်ငံတဝန်း လေကြောင်း တိုက်ခိုက်မှု ဆက်လက်ကျူးလွန်တာကြောင့် သံဃာတော်၊ ကိုရင်ငယ်၊ ကလေးငယ်များနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးအပါအဝင် အရပ်သား ပြည်သူ ၅၀ ကျော် သေဆုံးပြီး ၇၀ နီးပါး ဒဏ်ရာရရှိတယ်လို့ Hsan Loi Voice မှ ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆိုပါ ရရှိထားတဲ့ သေဆုံးမှုနဲ့ ထိခိုက်မှု စာရင်းသည် လက်လမ်းမှီသလောက် ကောက်ယူထားတာဖြစ်ပြီး မြေပြင်အခြေအနေတွင် ထိခိုက်သေဆုံးသူ ယခုထက် ပိုများနိုင်ကြောင်း သိရပါတယ်။
လက်ရှိအချိန်တွင် စစ်ကောင်စီက လေကြောင်းဗုံးကျဲတိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေပြီး သင်္ကြန်ကာလဖြစ်တဲ့ ဧပြီလ ၁၂ ရက်မှ ဧပြီလ ၁၉ ရက်နေ့အထိ မန္တလေးတိုင်းအတွင်းရှိ သပိတ်ကျင်းမြို့နယ်၊ စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်၊ စစ်ကိုင်းတိုင်းရှိ မြင်းမူမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်၊ မကွေးတိုင်းအတွင်းရှိ ရေစကြိုမြို့နယ်၊ ကရင်ပြည်နယ်အတွင်းရှိ ကျုံဒိုးမြို့နဲ့ ကော့ကရိတ်မြို့နယ်၊ မွန်ပြည်နယ်ရှိ ဘီးလင်းမြို့နယ်နှင့် ရခိုင်ပြည်နယ် ကျောက်တော်ြမို့တို့မှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့အရပ်သား ပြည်သူဦးရေ အနည်းဆုံး ၅၀ ဦး သေဆုံးခဲ့ပြီး ၇၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူများထဲတွင် အရွယ်မရောက်သေးတဲ့ ကလေးသူငယ်အပါအဝင် သက်ကြီးရွယ်အိုများလည်း ပါဝင်ပြီး အရပ်သားနေအိမ်များ၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းများလည်း ထိခိုက်ပျက်စီး ခဲ့ကြောင်း သိရပါတယ်။
စစ်ကောင်စီအနေနဲ့ ယခုလာမယ့် မိုးတွင်းကာလမတိုင်မီ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ နယ်မြေများနဲ့ မြို့နယ် များကို ရနိုင်သမျှနည်းဖြင့် ပြန်လည်သိမ်းပိုက်နိုင်ရန် ကြိုးစားနေပြီး ဖြစ်နိုင်သမျှနည်းလမ်းပေါင်းစုံကို အသုံးပြုရန် ညွှန်ကြားထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံမှ သိရပါတယ်။
ငလျင်ဒဏ်ပြန်လည်ထူထောင်ရေးအတွက်ဆိုပြီး စစ်ကောင်စီက ဧပြီလ ၂ ရက်မှ ဧပြီလ ၂၂ ရက်အထိ ရက် ၂၀ ကြာ ယာယီအပစ်ရပ်စဲတယ်လို့ ပြီးခဲ့တဲ့ ဧပြီ ၂ ရက်က ကြေညာထားပေမယ့် တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့ နေရာများကို နေ့စဉ်လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတာပဲဖြစ်ပါတယ်။