ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
“ တရုတ်နိုင်ငံခြားသားတွေက မူးယစ်ဆေးဝါးတွေ ယူလာပြီး PG girl တွေကိုခေါ်ပြီး စမ်းသုံးခိုင်းတာပေါ့ ၊ တစ်ချို့က ပိုက်ဆံပေးပြီး စမ်းသုံးခိုင်းတယ် ၊ တစ်ချို့လဲ ဒီတိုင်း မသိသလိုနဲ့သုံးခိုင်းလိုက်တာလဲရှိတယ် ၊ အဲ့ဒီမှာရှော့ဖြစ်ပြီးသေကြတာ”
သျှမ်းပြည်နယ်ရဲ့ နယ်စပ်မြို့တွေမှာ K,E, Happy water, ရွှေ စတဲ့ခေတ်ပေါ်မူးယစ်ဆေးဝါးတွေဟာ တံဆိပ်မျိုးစုံ ၊ ဆေးအာနိသင်မျိုးစုံ အပြိုင်အဆိုင်ထွက်ပေါ်နေပြီး ပြီးခဲ့တဲ့ နှစ်တွေကတည်းက KTV နဲ့ ကလပ်တွေမှာ ပေါ်ပေါ်တင်တင်အသုံးပြုလာကြတာ တွေ့ရပါတယ်။
သျှမ်းအရှေ့ထိုင်း- မြန်မာ နယ်စပ်ကတာချီလိတ်မြို့မှာ အဲ့ဒီခေတ်ပေါ် မူးယစ်ဆေးဝါးတွေ သုံးစွဲပြီး သေဆုံးသူတွေထဲမှာ အမျိုးသမီး ဦးရေကပိုများတယ်လို့ တာချီလိတ်က နာမည်ကြီး ကလပ်တစ်ခုနဲ့ KTVမှာ အလုပ်လုပ် ကိုင်ဖူးသူတစ်ဦးက ပြောပါတယ်။
“ မိန်းကလေးတွေ ဘာလို့သေတာများလဲဆိုတော့ ကျွန် တော်တို့ မျက်မြင်တွေ့ရသလောက်က မိန်းကလေးတွေပိုသုံးကြတာများတယ် တစ်ချို့ကအသုံးချခံရတာ၊ တစ်ချို့ကျ ပိုက်ဆံရလို့ ၊ တစ်ချို့ကြတော့ကြိုက်လို့ပျော်ချင်လို့ သုံးကြတာမျိုးစုံပေါ့” လို့ သူကဆိုပါတယ်။
ငွေကြေးသုံးစွဲနိုင်တဲ့ တရုတ်နိုင်ငံခြားသားတစ်ချို့ဟာ ခေတ်ပေါ်မူးယစ်ဆေးဝါးတွေကိုယူလာပြီး ဆိုင်ရဲ့ Promotion Girl (PG) တွေကိုခေါ်ယူ စမ်းသပ်သုံးစွဲခိုင်းတာတွေကြောင့် သေဆုံးရတာတွေလည်းမကြာခဏဖြစ်ပေါ်နေတယ်လို့သူကပြောပါတယ်။
“ တရုတ်နိုင်ငံခြားသားတွေလာရင် မူးယစ်ဆေးဝါးအသစ် တွေ ပါလာတတ်တယ် တစ်ချို့ PG girl တွေကိုခေါ်ပြီး စမ်းသုံးခိုင်းတာပေါ့ ၊ပိုက်ဆံပေးပြီး စမ်းသုံးခိုင်းတာလဲရှိတယ် ၊ တစ်ချို့လဲ ဒီတိုင်းသုံးခိုင်း လိုက်တာလဲရှိတယ် ၊ အဲ့ဒီမှာဆေးလွန်တာတွေ၊ ရှော့ဖြစ်တာတွေ ဆေးပြင်းတာလားဘာလားအသိဘူး အဲ့ဒီလိုဖြစ်ပြီး သေတာမျိုးတွေကျွန်တော်တို့ အသိုင်းအဝိုင်းမှာ မကြာ မကြာ ကြားနေရတာပါပဲ”
တရုတ်နိုင်ငံခြားသားတွေဟာ သျှမ်းရှေ့ နဲ့သျှမ်းမြောက်က Club ,Bar, KTV မှာအလုပ်လုပ်နေတဲ့ မိန်းကလေးငယ်တွေကို ပစ်မှတ်ထားပြီး မူးယစ်ဆေးဝါး အသစ်လာရောက်စမ်းသပ်တာတွေကြောင့် သတင်းမထွက်ပဲ လူမသိသူမသိ သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ ကျိုင်းတုံဒေသခံ လူငယ်တစ်ဦးကလည်း ပြောပါတယ်။
“ တရုတ်တွေခေါ်လို့ သွားရင် ပြန်လမ်းသိပ်မမြင်ဘူး ၊ တရုတ်တွေက သူတို့ဓါတ်ခွဲပေါင်းစပ်ထားတဲ့ မူးယစ်ဆေးဝါး ဖော်မြူလာအသစ်တွေကို ဓါတ်ခွဲခန်းမှာကြွက်တွေကို စမ်းသလိုဒီကမိန်းကလေးငယ်တွေဆီလာစမ်း သပ်တာ ၊ မျောပြီး သေတဲ့အထိ ကြည့်နေကြတာသူတို့ ဆေး ဘယ်လောက် level ရှိလဲ စျေးကွက်ထဲ ဖြန့်လို့ ရမရ လာစမ်းသပ်တာခုနောက် ပိုင်း သေတာများတော့ တရုတ်ခေါ်ရင် မလိုက်ရဲကြတော့ဘူး”
ပြီးခဲ့တဲ့ရက်ပိုင်းက သျှမ်းမြောက် ၊ မူဆယ်မြို့ရဲ့ KTV တစ်ခုမှာ အသက် ၂၀ အရွယ် အမျိုးသမီးငယ်တစ်ဦး ခေတ်ပေါ်မူးယစ်ဆေးဝါးတစ်မျိုးဖြစ်တဲ့ “ ရွှေ” လို့ခေါ်တဲ့ စိတ်ကြွမူးယစ်ဆေးဝါးတစ်မျိုးကို သုံးစွဲပြီး သေဆုံးသွားတဲ့ဖြစ်စဉ်ဟာ လူမှုကွန်ရက်မှာ ပြန့်နှံ့လာခဲ့ပါတယ်။
ရွှေ လို့ခေါ်တဲ့မူးယစ်ဆေးဝါးကို တရုတ်အခေါ်” ခိုင်းချင်းရွှေ” လို့ခေါ်ပြီး “ ရွှင်လန်း တက်ကြွစေတဲ့အရည် ” လို့အဓိပ္ပါယ်ရပါတယ် ။ ရွှေ ဟာ K,E, Happy water တို့ထက် အရင်ပေါ်ပေါက်လာခဲ့တဲ့ မူးယစ်ဆေးဝါး တစ်မျိုးဖြစ်ပြီး သျှမ်းမြောက်ကလူငယ်တွေ ကြားပိုခေတ်စားတယ်လို့ခေတ်ပေါ်မူးယစ်ဆေးဝါး နဲ့ အကျွမ်းတဝင် ရှိသူတစ်ဦးက ရှင်းပြပါတယ်။
“ ဒီရွှေက K တို့ E တို့ထက် ပိုပြင်းတယ် ၊ ပိုလစ်တယ် ၊ ပိုရောက်တယ် ဟိုရောက်ဒီရောက်ပေါ့ ။သူလဲ Happy water လိုပဲ ဖျော်သောက်ရတာ၊ အစားစားရှိတယ် ။ မူဆယ်ကဖြစ်သွားတဲ့တစ်ယောက်က အမှန်ဆို မသေသင့်ဘူးလို့မြင်တယ် ၊ သူလစ်နေတာကို သူ့အဖော်တွေက မနှိုးကြဘူး ဘာမှမလုပ်ပေးကြဘူး ၊ သူတို့တစ်ခုခုလုပ်ပေးတတ်ရင် ကယ်လို့ရကောင်း ရနိုင်တယ် ” လို့ သူကဆိုပါတယ်။
KTV ခန်းထဲ ဆေးလွန်ပြီး ရှော့ဖြစ်တဲ့ဖြစ်စဥ်တွေ မကြာ ခဏကြုံဖူးပြီး အသက်သေဆုံးသူတွေ ရှိသလို ပြန်လည်ကောင်းမွန်လာတဲ့ သူတွေလဲ ရှိတယ်လို့ဆိုပါတယ်။
“ တစ်ယောက်ကမျောနေရင် သူ့ဘေးကသူငယ်ချင်းတွေ သူ့ကိုရအောင် က ခိုင်းရတယ်၊ ထခိုင်းရတယ် နှိုးရတယ် ရေနွေးတိုက်မယ်၊ ရေနွေးကိုပဝါစိမ်ပြီး မျက်နှာအုပ်ပေးတာတွေ ခြေတွေလက်တွေကို နှိပ်နယ်ပေးတာတွေ လုပ်ပေးရတယ် ၊ အဓိကကတော့ အအေးမိလို့မဖြစ်ဘူး ရေသွားလောင်းလိုက်လို့မရဘူး” လို့ အတွေ့ကြုံရှိသူတွေက ရှင်းပြပါတယ်။
(K ) ketamine (ကတ်တမင်း) ဟာ အရင်က ခွဲခန်းတွေမှာမေ့ဆေးအနေနဲ့ အသုံးပြုခဲ့ကြသလို စိတ်ကျန်းမာရေးကုထုံးတွေမှာ တစ်ချို့က ဆေးဝါးအဖြစ် သုံးခဲ့ကြပြီးနောက်ပိုင်းမှာ ကတ်တမင်းရဲ့ ဆိုးကျိုးတွေကို သတိထားမိလာကာ ဆေးပညာရပ်မှာ ဒီဆေးကို မသုံးဖြစ်ကြတော့ပါဘူး။ E ဆိုတာ က ECSTASY ၊ E ကလဲ k လို မူးယစ်ဆေးဝါးတစ်မျိုးဖြစ်ပြီး ကိုယ်ခန္ဓာထဲက ဟော်မုန်း ၃ မျိုး ကို ထွက်လာဖို့ နှိုးဆော်ပေးမှုတွေက လိင်ပိုင်းဆိုင်ရာကို နှိုးဆွပေးလာနိုင်ပါတယ် ဆေးပညာမှာတော့ stimulant (လှုံဆော်မှု) ကိုပေးတဲ့ဆေး လို့ခေါ်ဆိုကြတယ်လို့ဆေးပညာရှင်တွေက ဆိုထားပါတယ်။
ခေတ်ပေါ်မူးယစ်ဆေးဝါးတွေရဲ့ ဆေးဘေးထွက်ဆိုးကျိုးတွေကတော့ နှလုံးခုန်မြန်လာခြင်း ၊သွေးပေါင် ချိန်တတ်ခြင်း၊ ကိုယ်အပူချိန်တတ်လာခြင်း၊ရေဓာတ်ခမ်းခြောက်ခြင်း၊ ကျောက်ကပ်ထိလာခြင်း ၊ ဦးနှောက်ယောင်ခြင်း၊ သတိလွတ်ခြင်း၊ သွားကြိတ်လာခြင်း၊ ဆေးစွဲလာခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ စိတ်တွေရှုပ်ထွေးစိတ်တိုလာခြင်း ၊ ဦး နှောက်ကိုထိခိုက်စေခြင်း၊ အာရုံစူးစိုက်မှု အားနည်းလာခြင်း သတိမေ့ခြင်း အစာအိမ်၊ကျောက်ကပ်၊အသည်းပျက်စီးလာခြင်း နဲ့ နောက်ဆုံးရူးသွပ်တဲ့ စိတ်အခြေအနေထိ ရောက်လာပြီး အသက်ကိုပါသေဆုံးလာနိုင်တယ် လို့ဆေးပညာရှင်တွေက သတိပေးထားပါတယ်။
K,E, Happy water, တွေဟာ ထုတ်လုပ်မှု ပုံစံမျိုးစုံနဲ့လာပြီး စျေးနှုန်းအမျိုးအစားလိုက် ရှိနေပါတယ် ။K 1G တစ်ထုတ်ကိုထိုင်း ဘတ်ငွေ ၁၀၀၀ ကနေ ဘတ် ၅၀၀၀ အထိ ရှိပြီး၊ E တစ်လုံးကို ဘတ်တစ်ထောင် နဲ့ Happy water တစ်ထုပ်ကို ဘတ် ၃၅၀၀ ကစပြီး ၅၀၀၀ အထိ ရှိနေတယ်လို့ တာချီလိတ် Club အသိုင်းအဝိုင်း ကစုံစမ်းသိရပါတယ်။
သျှမ်းပြည်နယ်ရဲ့ နယ်စပ်ဒေသတွေမှာ ရှိတဲ့ Club ,Bar, KTV မှာ PG girl အဖြစ်လာရောက် အလုပ်လုပ်ကိုင်ကြတဲ့အမျိုးသမီးငယ်တွေထဲမှာ ထိုင်းလူမျိုး ၊ ရှမ်းလူမျိုး အပြင် ဗမာပြည်အလည်ပိုင်းက နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်ပွားနေတဲ့ ဒေသကလာရောက် အလုပ်လုပ်ကိုင်ကြတဲ့အမျိုးသမီးတွေ ပိုမိုများပြားတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း နယ်စပ်ဒေသနဲ့ ရန်ကုန် ၊ မန္တလေးစတဲ့ မြို့ကြီးတွေမှာ ခေတ်ပေါ်မူးယစ်ဆေးဝါး တွေဖြစ်တဲ့ K,E, Happy water, ရွှေ ဟာ လူငယ်တွေကြား ထဲတွင်တွင်ကျယ်ကျယ် ရောက်လာပြီး ပေါ်ပေါ်တင်တင် အသုံး ပြုလာကြတဲ့ အ တွက်လူမသိသူမသိသေဆုံးမှုတွေ အများအပြားရှိနိုင်ပါတယ်။
#womendrugtrap