ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၂၅)ရက်နေ့ ညနေ(၄)နာရီတွင် သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ် ပင်ပေါကျေးရွာအုပ်စု ကျောင်းကုန်းကျေးရွာ အနောက်ဘက် ကြံခင်းတစ်ခုအတွင်း ကျပြီး မပေါက်ကွဲသေးဘဲ ကျန်ရှိနေသော လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် ကြံတင်နေသော အလုပ်သမား(၁)ဦး ပွဲချင်းပြီးသေဆုံးပြီး (၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
“တိုက်ပွဲကာလတုန်းက လက်နက်ကြီးကျည်တွေ ကြံခင်းထဲမှာ ကျပြီး မပေါက်သေးဘဲ မြေကြီးမှာ စိုက်ကျန်ခဲ့တာပေါ့။ အဲ့ဒါကို ကြံတင်တဲ့လုပ်သားတွေက ကြံတင်ရင်း သွားထိမိရာကနေ ပေါက်ကွဲတာ တစ်ယောက်ကတော့ ပွဲချင်းပြီးသေသွားတယ်။ သေသွားတဲ့ကောင်လေးက ဒီဘက်က ဇာတိမဟုတ်ဘူး။ နောင်ချိုမြို့နယ် ခဲမွန်ရွာဘက်က အသက်(၁၇)နှစ်လောက်ဘဲရှိသေးတဲ့ လူငယ်တစ်ယောက်ဖြစ်တယ်။ အဲ့နားမှာရှိတဲ့ ကြံတင်လုပ်သား(၃)ဦးလည်း ဒဏ်ရာရတယ်။ (၂)ယောက်ကတော့ ဒဏ်ရာအရမ်းပြင်းထန်လို့ မန္တလေးဆေးရုံကို ပို့ဆောင်ကုသထားရတယ်။ ကျန်တဲ့တစ်ယောက်ကတော့ ဒဏ်ရာအရမ်းမပြင်းထန်လို့ ကျောက်မဲဆေးရုံမှ ကုသမှုခံယူနေတယ်။” ဟု ဒေသခံကြံစိုက်တောင်သူ ဦးမောင်က ပြောပြသည်။
သေဆုံးသူ ကြံလုပ်သားသည် နောင်ချိုမြို့နယ် နောင်ရုံးကျေးရွာအုပ်စု၊ ခဲမွန်ရွာတွင် နေထိုင်သော စိုင်းထွန်းလှ အသက်(၁၇)နှစ်ဖြစ်သည်။ သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်တို့ တိုက်ပွဲဖြစ်ပွားစဉ်ကာလအတွင်း လက်နက်ကြီးဖြင့် အပြန်အလှန်ပစ်ခတ်မှုတွင် အချို့လက်နက်ကြီးကျည်များ ဒေသခံများ၏ စိုက်ပျိုးခြံအတွင်း ကျပြီး ပေါက်ကွဲခြင်းမရှိသေးသည့်အတွက် သတိထားရန် လိုအပ်သည်။
photo & ကမ်းလင့်လက်များ