ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်နဲ့ မန္တလေးတိုင်း သာစည်မြို့နယ် ကားလမ်းပေါ်ရှိ ကျွဲတပ်ဆုံ X-Ray စစ်ဆေးရေးဂိတ်မှာ ခရီးသည်တင်ယာဥ်များ၊ ကုန်သည်ကားများနဲ့ အိမ်စီးကားများ နေ့စဥ် ကားရာနဲ့ချီ ပိတ်မိနေတာကြောင့် ခရီးသွားလာမှု ကြန့်ကြာပြီး ကုန်ကားတွေ တင်ဆောင်လာတဲ့ ကုန်စိမ်း သီးနှံများ ပုပ်သိုးပျက်စီးကြောင်း သိရပါတယ်။
ကျွဲတပ်ဆုံ X-Ray စစ်ဆေးရေးဂိတ်များ ဖြတ်သန်းသွားလာဖို့ အချိန် ၄ နာရီနီးပါး စောင့်ဆိုင်းခဲ့ရတယ်လို့ ခရီးသွားပြည်သူတစ်ဦးက ပြောပါတယ်။
“ ကျွန်မတို့ အဲ့ဒီစစ်ဆေးရေးဂိတ်ကို ဖြတ်ဖို့က အချိန် ၄ နာရီနီးပါးလောက်စောင့်ရတယ်၊ ပြီးတော့ သူတို့ရဲ့ X-Ray စက်က ပျက်နေတော့ ပိုကြာသွားတာပေါ့၊ အဲ့ဂိတ်နားရောက်ရင် ကားပေါ်ပါတဲ့ လူတွေ အားလုံး လမ်းဆင်းလျှောက်ရတယ်၊ မှတ်ပုံတင်တွေစစ်တယ်၊ အဲ့မှာတင်အချိန်တွေကြာတော့ ခရီးသွား တွေ ဒုက္ခရောက်တယ်” လို့ ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အဆိုပါ စစ်ဆေးရေးဂိတ်မှာ ပိုမိုတင်းကြပ်လာပြီး စစ်ဆေးမှု ကြန့်ကြာလာတာကြောင့် ကားပိတ်မှုအခြေအနေ တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာတယ်လို့ သိရပါတယ်။
“ ကျွဲတပ်ဆုံဂိတ်မှာ ကားတွေက နေ့တိုင်းလိုလိုပိတ်တာ၊ ကျွန်တော်တို့ တွဲကားတွေဆို ဒီလမ်းမှာတင် ပိတ်တာ ၂ ညရှိပြီ စောင့်ရတာ၊ အခု ရာသီဥတုကလည်း ပူလာတော့ တချို့ ကုန်စိမ်းကားတွေဆို ဒီလမ်းမှာတင်ပဲ ပုပ်သိုးကုန်တာ၊ ကုန်သည်တွေတော့ အများကြီး နစ်နာတာပေါ့” လို့ ကုန်ကားသမား တစ်ဦးက ပြောပါတယ်။
သျှမ်းပြည်ဘက်မှ ဆင်းသွားသည့် ကားများကိုသာ အဓိက စစ်ဆေးပြီး ကားတန်းရှည် ပိတ်မိကာ သျှမ်းပြည်သို့ တက်လာသည့် ကားများကိုတော့ အစစ်အဆေးသိပ်မရှိသလို ကားပိတ်တာလည်း မရှိဘူး လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ ယခုလို အချိန်ကြန့်ကြာအောင် စစ်ဆေးမှုပြုလုပ်ခြင်းသည် ခရီးသွားပြည်သူများ အတွက် ဒုက္ခရောက်ရသလို ဟင်းသီးဟင်းရွက် သယ်ဆောင်လာတဲ့ ကုန်သည်ကားများအနေဖြင့်လည်း ထိခိုက်နစ်နာဆုံးရှုံးမှုများရှိနေတယ်လို့ သိရပါတယ်။
Photo – Credit to original uploader