ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ယနေ့ဇွန်လ (၂၇)ရက်နေ့ နံနက်အစောပိုင်းကတည်းက စတင်ပြီး TNLA နှင့် တော်လှန်ရေးအင်အားစုများက ကျောက်မဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်၏ အဓိက တပ်ရင်းများဖြစ်သော ခလရ ၅၀၁/၅၀၂ တပ်ရင်းများအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ တစ်ဖက်တွင် စစ်ကောင်စီတပ်ဘက်ကလည်း ၎င်းတို့တပ်အတွင်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးမှုရှိသလို လူသေဆုံးမှု အနည်းဆုံး (၅) ဦးခန့်ရှိသည်ဟု ကျောက်မဲမြို့ထဲတွင် ပိတ်မိနေသော ပြည်သူတစ်ဦးက ပြောသည်။
“မနက်ကတည်းက စတဲ့တိုက်ပွဲ အခုညပိုင်း (၇)နာရီခွဲအထိကို တိုက်ပွဲက ပြင်းထန်နေတုန်းပဲ။ ခုနက အိမ်နားလေးကို လက်နက်ကြီးတစ်လုံးထပ်ကျသေးတယ် ကျနော့်အထင် ဟိုဘက်ခြံက အိမ်ပေါ်တည့်တည့်ကျတာဆိုတော့ အိမ်ထဲမှာ လူရှိနေရင် လူသေလောက်တယ်။ ကျောက်မဲမြို့ထဲမှာ ကျနော်တို့လိုပဲ ပိတ်မိနေတဲ့လူတွေ အများကြီးရှိတယ် ဘယ်မှလည်း ပြေးလို့မရဘူး ဘယ်မှလည်း ပေးမထွက်ဘူး ။ လေယာဉ်နဲ့ဗုံးကျဲတာတွေ လက်နက်ကြီးနဲ့ထုတာတွေကို ကြောက်ကြောက်နဲ့ အိမ်ထဲမှာပုန်းပြီး နားထောင်နေရတယ်။ ဒီညတော့ တိုက်ပွဲက ပိုဆိုးလာမယ့် အနေအထားမျိုးပဲ။”ဟု ကျောက်မဲမြို့တွင်း ပိတ်မိနေသူ လူငယ်တစ်ဦးက ပြောပြသည်။
ဒါ့အပြင် ကျောက်မဲ-နောင်ချို ကြားရှိ ဂုတ်တွင်းကြိုးဝိုင်းအတွင်းကိုလည်း စစ်ကောင်စီတပ်က ယနေ့ မွန်းလွဲ(၄)နာရီခန့်ကတည်းက စတင်ပြီး ည (၈)နာရီခွဲအထိ တိုက်ယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြုလုပ်နေကြောင်း ကျောက်မဲမြို့နယ် ဇီးပင်စခန်းရွာခံတစ်ဦးကလည်း ပြောပြသည်။
“ညနေ (၄)နာရီလောက်ကတည်းကနေ အခုအချိန်အထိ (ည ၇နာရီခွဲ) ဂျက်ဖိုက်တာနဲ့ ဂုတ်တွင်းဘက်မှာ တစ်အုန်းအုန်းနဲ့ ချနေတုန်းပဲ။ တစ်ချက်တစ်ချက် ပစ်ရင် (၁၅) လုံးလောက်ကျတဲ့ လက်နက်ကြီးကျသံတွေ မြေကြီးတောင်တုန်တယ်။ ဂုတ်တွင်းတစ်လျောက် လမ်းမပေါ်မှ စစ်ကောင်စီအဖွဲ့တွေက နေရာယူထားပြီး တောထဲကနေ TNLA တွေက အင်အားအများကြီးနဲ့ ဝင်တိုက်နေကြတာ။ ဒီအနီးတစ်ဝိုက်က ရွာတွေတော့ နောင်ပိန်ထဲကို စစ်ရှောင်သွားခိုကြပြီ။”ဟု ဇီးပင်စခန်းရွာသားတစ်ဦး ပြောပြသည်။
ဒါ့အပြင် နောင်ချိုမြို့တွင်လည်း တော်လှန်ရေးအင်အားစုများနှင့် TNLA အဖွဲ့က စစ်ကောင်စီ၏ ကျန်ရှိနေသော ခမရ (၁၁၄) ကို ထိုးစစ်ဆင်တိုက်ခိုက်ချိန် စစ်ကောင်စီဘက်မှ အဝေးပစ်လက်နက်ကြီးနှင့် တိုက်လေယာဉ်များ အသုံးပြုပြီး အသည်းအသန် တိုက်ခိုက်နေသည်။ ယခုညပိုင်းအထိ နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲသံများ ကြားနေရပြီး မြို့ခံများကတော့ တိမ်းရှောင်ထွက်ပြေးနိုင်သူများ ထွက်ပြေးကြပြီဖြစ်သလို မြို့အတွင်း ပိတ်မိနေသူများစွာလည်း ကျန်ရှိနေသေးကြောင်း သတင်းရရှိသည်။