ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသော စစ်ဘေးရှောင် မိဘပြည်သူများ ယခု ၂၀၂၂ ခုနှစ် နှစ်ကုန်တွင် ၎င်းတို့နေရပ်ဇာတိ ပြန်ရန် စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများက ထပ်မံဖိအားပေးခဲ့ ကြောင်း သိရသည်။
“အခုထိတော့ စစ်ဘေးရှောင်တွေရှိနေသေးတယ် အိမ်မပြန်ကြသေးဘူး။ ဒီလကုန် နောက်နှစ်ဆိုရင်တော့ သူတို့အိမ်ပြန်နိုင်ဖို့ မြို့နယ်အုပ်ချုပ်ရေးဘက်ကရယ် TNLA ရယ် SSPP အဖွဲ့တို့ ဆွေးနွေးညှိနှိုင်းပြီး စစ်ဘေးရှောင်တွေကို အိမ်ပြန်ပို့ပေးနိုင်ဖို့ စီစဉ်နေတယ်။ မြို့နယ်ဘက်နေ သျှမ်းစာပေနှင့်ယဉ်ကျေးမှုကို ရောက်လာပြီး လာစစ်ဆေးသွားသေးတယ်။ စစ်ဘေးရှောင်တွေကို လာရောက်လှူဒါန်းပေးတဲ့ NGOs တွေကိုတောင် အဲ့လိုထပ်ပြီးမလှူဖို့ ရဲနဲ့မြို့နယ်အုပ်ချုပ်ရေးပိုင်းက လူတွေ လာပြောသွားတယ်။” ဟု စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ပေးနေသည့် ကျောက်မဲဒေသခံတစ်ဦးက ပြောပြသည်။
“ကောင်းတာတော့ သူတို့ပြန်ရင်လည်းကောင်းတာပေါ့လေ။ ဘာလို့လဲဆိုရင် ကိုယ့်မြေ၊ ကိုယ့်အိမ်ရာတွေက ပျောက်ကုန်တော့မယ်။ ကျနော်တို့ကတော့ အဲ့လိုတွေးမိတာပေါ့လေ။ သူတို့ကိုလည်းသနားတာတော့ သနားပါတယ် အုပ်ချုပ်ရေးပိုင်းက သူတွေ အဲ့လိုလာဖိတာတော့ မဖြစ်သင့်တာတော့ မဖြစ်သင့်တာတစ်ပိုင်းပေါ့။ ပြန်သွားနေလိုက်ရင် ကိုယ့်အိမ်ကိုယ်ရာပဲ မဟုတ်ရင် သူများတွေတက်နေကြတော့မယ် ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်မြေ ကိုယ်ရေကိုတော့ ပြန်နေစေချင်တယ်။ သူတို့ကတော့ ကြောက်နေသေးတာလည်းပါတာပေါ့လေ။
မတတ်နိုင်တဲ့အဆုံး ပင်လုံ၊ နမ္မတူတို့ဘက်မှာလည်း အဲ့လိုပဲ အောင့်အီးသည်းခံပြီးနေရတာပါပဲ။ တစ်သက်လုံး အနိုင်ကျင့်ခံနေလို့မှ မရတာ။ အဓိက ကတော့ ဘယ်ဖက်ကို ဘက်မလိုက်ဘဲ ကိုယ့်မြေကိုယ့်ရေ ကိုယ့်အိမ်ကိုတော့ ပြန်နေသင့်တယ်လို့ တိုက်တွန်းထားပါတယ်။ ကျန်တာတော့ သူတို့ကိုယ်တိုင်ဆုံးဖြတ်ရမှာပေါ့လေ။ မပြန်ရလည်း ကျနော်တို့ကတော့ ဘယ်တတ်နိုင်မလဲ တတ်နိုင်သလောက်တော့ ဆက်ကူညီပေးရမှာပါပဲ။ အဲ့လိုမှ မဟုတ်ရင် ကျနော်တို့မြေတွေ၊ ရေတွေ၊ လက်ဖက်ခြံတွေ ၊ အိမ်တွေက သူများဟာတွေဖြစ်ကုန်တော့မယ်။ အဲ့လက်ဖက်ခြံတွေက သူများလည်း လုပ်ကိုင်တတ်တော့ ကိုယ်ပြန်မလုပ်ရင် သူများကတော့ လုပ်စားသွားကြမှာပဲ” ဟု၎င်းမှ ထပ်မံဖြည့်စွက်ပြောဆိုခဲ့သည်။
လက်ရှိအချိန်တွင် ကျောက်မဲမြို့နယ် သျှမ်းစာပေနှင့်ယဉ်ကျေးမှု စစ်ဘေးရှောင်စခန်း၌ စစ်ဘေးရှောင် အိမ်ထောင်စု (၄၇) စု၊ လူဦးရေ (၁၇၈) ဦး ကျန်ရှိနေသေးပြီး အများအားဖြင့် သက်ကြီးရွယ်များနှင့် ကလေးငယ်များဖြစ်သည်။
ကျောက်မဲမြို့နယ် စစ်ဘေးရှောင်များသည် ကျောက်မဲမြို့နယ်တွင်သာမက သျှမ်းပြည်နယ်တောင်ပိုင်းသို့ ထွက်ပြေးတိမ်းရှောင်ကြသူများလည်းရှိပြီး ယနေ့အထိ အိမ်ပြန်ရန် ခက်ခဲနေသူ များစွာကျန်ရှိနေသည်။
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/