ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့အတွင်းပိတ်မိနေသော ဒေသခံမိဘပြည်သူများအား ယနေ့ နံနက် (၇)နာရီခန့်ကစတင်ပြီး နံနက်(၁၀)နာရီအထိ မြို့ထဲကနေ တိမ်းရှောင်ခွင့်ပြုခဲ့ကြောင်း သိရသည်။ ကျောက်မဲမြို့ နေရာတော်တော်များများအား TNLA အဖွဲ့က နေရာယူထားပြီး စစ်ကောင်စီတပ်အနေဖြင့် ခလရ ၅၀၁/၅၀၂ တပ်ရင်းသာ ကျန်ရှိတော့သည်။
“ကျောက်မဲမြို့ခံအကုန်လုံးနီးပါး မြို့ထဲမှာပဲ ပိတ်မိတာ ဘယ်မှလည်း ထွက်ပြေးလို့မရဘူး။ မနေ့က လေယာဉ်နဲ့ ဗုံးလာကျဲတော့ အိမ်ထဲမှာနေလည်း မလုံခြုံတော့ဘူး ညညဆို ကိုယ့်အိမ်ပေါ်ကို လက်နက်ကြီး ဘယ်အချိန်ကျမလဲပဲ စိုးရိမ်နေရတာ။ ဒီနေ့ မနက်ပိုင်းတော့ TNLA အဖွဲ့က မြို့ထဲပိတ်မိနေတဲ့ သူတွေကို စစ်ရှောင်စခန်းသွားချင်ရင်သွား မဟုတ်ရင် မြို့ထဲကနေ ရှောင်ချင်တယ်ဆိုရင်ရှောင်ပေါ့။ ဘာလို့လဲဆိုရင် စစ်ကောင်စီဘက်နေ လက်နက်ကြီးနဲ့ရော တိုက်လေယာဉ်နဲ့ပါ ရမ်းသမ်းပစ်နေလို့ အိမ်ထဲမှာပုန်းနေလည်း မလုံခြုံတော့ဘူးလေ။” ဟု ကျောက်မဲမြို့နယ် ပြိန်းနင်စစ်ရှောင်စခန်းကို ရောက်ရှိနေသော ကျောက်မဲဒေသခံတစ်ဦးက ပြောပြသည်။
ကျောက်မဲမြို့တွင်း ပိတ်မိနေသူများသည် ယနေ့ နံနက်ပိုင်းတွင် ကားကိုယ်စီဖြင့် နီးစပ်ရာစစ်ရှောင်စခန်းများကို တိမ်းရှောင်ကြပြီဖြစ်သည်။ ဒါ့အပြင် အချို့မြို့ခံများသည် ကျောက်မဲ-နောင်ပိန်-ပုံဝိုး လမ်းမှတစ်ဆင့် သျှမ်းပြည်နယ်တောင်ပိုင်းကို တိမ်းရှောင်ကြပြီဖြစ်သည်။ သို့သော် မြို့အတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး မြို့အတွင်း ပိတ်မိနေသော ဒေသခံပြည်သူများစွာ ကျန်ရှိနေသေးကြောင်း သတင်းရရှိသည်။