ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် နေထိုင်သော မနှင်းနှင်းဝေ (ခေါ်)ရန်စင်လင့် (၅) နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦးသည် ကျောက်မဲမြို့နယ်အတွင်း စစ်ကောင်စီနှင့် TNLA တို့ တိုက်ပွဲကြောင့် ၎င်းမိဘများနှင့်အတူ အခြားဒေသခံများနည်းတူ နေအိမ်ကို စွန့်ခွာထွက်ပြေးခဲ့ရကြောင်း သိရသည်။ ထိုသို့ ထွက်ပြေးတိမ်းရှောင်စဉ် (၅)နှစ်အရွယ်ရှိ သမီးငယ်လေး မနှင်းနှင်းဝေသည် နာမကျန်းဝေဒနာ ခံစားခဲ့ရသည်။
နာမကျန်းဖြစ်နေစဉ် ထွက်ပြေးတိမ်းရှောင်နေရချိန်ဖြစ်သောကြောင့် ကောင်းမွန်စွာ ဆေးဝါးကုသမှု ခံယူနိုင်ခြင်းမရှိဘဲ ၂၀၂၄ ခုနှစ် ဇူလိုင်လ(၂၄)ရက်နေ့ မှ တောင်ကြီးမြို့ မြတ်တော်ဝင်ဆေးရုံသို့ ရောက်ရှိခဲ့သော်လည်း နောက်ကျသွားခဲ့ပြီး ဆေးရုံရောက်ပြီး (၂)နာရီခန့်အကြာတွင် အဆိုပါ နာမကျန်းဝေဒနာဖြင့် ကွယ်လွန်ခဲ့ရသည်။
“ကျောက်မဲဘက်မှာ တိုက်ပွဲဖြစ်တော့ သူတို့မိသားစုလည်း သူများလိုမျိုး ထွက်ပြေးတိမ်းရှောင်ကြရတာပေါ့နော်။ အဲ့လိုရှောင်နေတဲ့အချိန်မှာပဲ သမီးလေးကဖျားတော့ ဆေးခန်းမပြနိုင်ခဲ့ဘူး။ အဲ့ဒါနဲ့ မိုင်းငေါ့ဘက်ကို သူတို့ သမီးလေးကို ဆေးကုနိုင်ဖို့ ခေါ်သွားသေးတယ်။ ဒါပေမယ့် အဲ့ဒီဘက်မှာလည်း ဆေးဝါးတွေရော ဆရာဝန်တွေရောမရှိလို့ နောက်ဆုံး တောင်ကြီးဘက်ကို ခေါ်လာကြတယ်ပေါ့။ အဲ့ဒါနဲ့ ကလေးမလေးဖျားတာ တစ်ပတ်လောက်ကြာသွားတယ်။ တောင်ကြီး မြတ်တော်ဝင်ဆေးရုံကို ရောက်တဲ့ချိန် ဓာတ်မှန်ရိုက်ကြည့်တော့မှ ကလေးက ဦးနှောက်အမှေးပါးရောင်နေပြီ။ သိပ်မကြာဘူး အဲ့ဒီဆေးရုံမှာပဲ ဆုံးသွားတယ်။”ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသော တောင်ကြီးဒေသခံတစ်ဦးက ပြောပြသည်။
မနှင်းနှင်းဝေ၏ ရုပ်အလောင်းကို တောင်ကြီးမြို့ရှိ နမ့်ခုံး သျှမ်းများပရဟိတ လူမှုကူညီရေးအသင်းနှင့် စစ်ဘေးရှောင်များကို ကူညီပေးနေသော လူမှုရေး အသင်းအဖွဲ့များက စုပေါင်းပြီး (၂၆.၇.၂၀၂၄)ရက်နေ့ တောင်ကြီး သုသာန်တွင် သဂြိုလ်ပေးခဲ့ကြောင်း သတင်းရရှိသည်။