ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း စစ်ကောင်စီနှင့် TNLA အဖွဲ့တို့ ယနေ့ ဇွန်လ (၂၉)ရက်နေ့အထိ တိုက်ပွဲပြင်းထန်လျက်ရှိပြီး လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု နေ့စဉ်ဖြစ်ပွားလျက်ရှိသည်။ ကျောက်မဲမြို့အတွင်း ပိတ်မိနေသော ပြည်သူလူထုအများစု နီးစပ်ရာ စစ်ရှောင်စခန်းများထံ တိမ်းရှောင်နေပြီဖြစ်သည်။
ယနေ့တွင် လက်နက်ကြီးကျည်များက လူနေရပ်ကွက်အတွင်း မကြာခဏကျရောက်နေမှုကြောင့် ပိတ်မိနေသော မိဘပြည်သူများကိုကူညီကယ်ဆယ်ရေး ပြုလုပ်နေသော မြို့ခံပရဟိတလူမှုကူညီရေး အသင်းအဖွဲ့များပါ မြို့ကိုစွန့်ခွာ တိမ်းရှောင်ထားရသည်ဟုဆိုသည်။
“မနေ့တုန်းက မနက်ပိုင်းအထိ မြို့ထဲကလူတွေကို အပြင်ထွက်ခွင့်ပေးပြီး တစ်နေ့လုံးတိုက်ပွဲဆက်ဖြစ်တယ်။ အဓိကကတော့ ခလရ ၅၀၁/၅၀၂ ကို TNLA ဘက်က အင်အားအလုံးအရင်းနဲ့ ဝင်တိုက်နေတယ်။ စကစတွေကလည်း တပ်ထဲကနေ လက်နက်ကြီးနဲ့ ဆက်တိုက်ပြန်ထုနေတော့ လူနေအိမ်ပေါ်ကတဲ့ဟာကဖြစ်နေတယ်။ ပြီးတော့ တိုက်လေယာဉ်နဲ့လည်း ခဏခဏ ဗုံးလာကျဲနေတယ်။ ဒီနေ့တော့ မြို့ထဲကလူတွေ အကုန်လုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြပြီ။” ဟု ကျောက်မဲမြို့နယ် နားပြိန်းရွာကို ရောက်ရှိနေသော စစ်ဘေးရှောင်တစ်ဦးက ပြောပြသည်။
ကျောက်မဲမြို့နယ် နားပြိန်းရွာဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်(၁၀၀၀)ဦးကျော် ရောက်ရှိနေပြီဖြစ်ပြီး အသက်လုပြေးလာသူများဖြစ်သောကြောင့် နေ့စဉ်စားသောက်ရန်အတွက်ပင် အခက်အခဲဖြစ်ပေါ်နေသည်။ ဒါ့အပြင် ကျောက်မဲမြို့နယ်အတွင်း စက်သုံးဆီလည်း ပြတ်လတ်နေပြီဖြစ်ကာ စစ်ဘေးရှောင်များအတွက် မီးစက်ခုတ်မောင်းနိုင်ခြင်းမရှိတော့ဘဲ သုံးရေနှင့် သောက်ရေလည်း အခက်အခဲဖြစ်ပေါ်နေသည်။ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာတွင်လည်း စစ်ဘေးရှောင်များစွာ ရောက်ရှိနေပြီဖြစ်ပြီး နေ့စဉ်စားနပ်ရိက္ခာအတွက် လုံလောက်မှုမရှိကြောင်း သိရသည်။
အလားတူ သီပေါမြို့နယ် နောင်ကတ်ကျေးရွာဘုန်းကြီးကျောင်းတွင်လည်း စစ်ဘေးရှောင်(၄၀၀)နီးပါး ရောက်ရှိနေပြီး စားနပ်ရိက္ခာအခက်အခဲဖြစ်ပေါ်နေသည်။