ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ခေတ် – ကုန်းဘောင်ခေတ်နှောင်း(ရတနာပုံခေတ်)
လက်ထက်- မင်းတုန်းမင်းလက်ထက်
ခုနှစ် – ခရစ်နှစ်၁၈၆၇ခု ဇွန်လ ၃၀ရက်
မိုးနဲတပ်ရုံးဥပဒေဟာ သျှမ်းပြည်နဲ့ဆိုင်တဲ့ အုပ်ချုပ်ရေး စစ်ရေးဆိုင်ရာ မင်းမှုထမ်း အရာရှိ၊ အရာခံတွေကအစ သျှမ်းအုပ်ချုပ်ရေးစနစ်မှာရှိတဲ့ စော်ဘွား၊ ကျမိုင်း၊ ပေါမိုင်း၊ ဟိန်၊ ငွေခွန်မှူး၊ ရွှေခွန်မှူး၊ ထမုံ၊ ကျော့ ဆိုတဲ့ ရာထူးအဆင့်ဆင့်အထိ လိုက်နာဖို့ ထုတ်ပြန်ထားတဲ့ ဥပဒေဖြစ်တယ်။ အထူးသဖြင့် စစ်ရေးဆိုင်ရာကိစ္စတွေကို မိုးနဲတပ်ရုံးကနေ စီမံဖို့၊ နေပြည်တော်ကလာတဲ့ ညွှန်ကြားချက်တွေကို ထပ်ဆင့်ညွှန်ကြားပေးဖို့၊ ဒေသဆိုင်ရာအရာရှိတွေရဲ့ လျှောက်တင်ချက်တွေကို နေပြည်တော်ဆီပို့ဖို့ ထုတ်ပြန်ထားတဲ့ ဥပဒေဖြစ်ပါတယ်။
သည်ဥပဒေမှာ အခန်းကြီး ၄ခန်းပါဝင်တယ်။
၁။ သျှမ်းပြည် မြေလတ်မြို့ကျေးရွာများမှာ ၁၂၂၉ခုနှစ် ဆင့်ဆိုခန့်ထားရန်ဥပဒေ။
၂။ မိုးနဲတပ် စစ်ကဲအရာရှိတို့ဆင့်ဆို၍ တပ်ရုံးမှာထားရန်ဥပဒေ။
၃။ တပ်ရုံးအရာရှိတို့ ငွေစားယူသည့်အမှု၊၎င်းတို့သားမယား ကြေးငွေစားယူသည့်အမှုများကို စီရင်ရန်ဥပဒေ။
၄။ ၎င်းခုံစာရေးလုလင်တို့ အမိန့်တော်ထမ်းပြင် ပို၍စားယူလျှင် တပ်ရုံးအရာရှိတို့က စီရင်စေရန်ဥပဒေ။
ဆိုပြီး အခန်းကြီးလေးခန်းပါဝင်တဲ့အနက် အခန်း(၁)မှာ
အချက်ပေါင်း(၁၀)ချက်ပါဝင်တယ်။ အခန်း(၂)မှာ အချက်ပေါင်း (၁၇)ချက်ပါဝင်ပြီး အခန်း(၃)မှာတော့ (၃)ချက်ပါဝင်တယ်။ နောက်ဆုံး အခန်း(၄)မှာလည်း (၃)ချက်သာ ပါဝင်ပါတယ်။ အခန်း(၄)ခန်းပေါင်းလျှင် စုစုပေါင်း (၃၃)ချက် ပါဝင်ပါတယ်။
** အခန်း(၁) **
အခန်း(၁)မှာပါတဲ့ အချက်(၁၀)ချက်ဟာ စစ်ရေးဆိုင်ရာ ပြင်ဆင်ချက်တွေ ဖြစ်ပါတယ်။ အချက်(၁)မှာ ထူးခြားချက်အနေနဲ့ စစ်ရေးဆိုင်ရာ ပြင်ဆင်ချက်တွေအပေါ် နယ်လှည့်စစ်ဆေးဖို့ ထွက်ရတဲ့ အရာရှိဟာ မိုးနဲတပ်ရုံးရဲ့ အကြီးအကဲ ဗိုလ်မှူးမင်းသား မဟုတ်ဘဲ ဝန်ထောက်အဆင့်ရှိတဲ့ အရပ်ဘက်အရာရှိ ဖြစ်ပါတယ်။ သည်အချက်အရ မိုးနဲတပ်ရုံးဟာ စစ်ဘက်ရော အရပ်ဘက်ပါ ဆင့်ဆိုအုပ်ချုပ်စီရင်ဖို့ထားတဲ့ ဌာနကြီးဖြစ်တယ်ဆိုတာ ပေါ်လွင်လာတယ်။
အချက်(၂)မှာ သျှမ်းပြည်မှာအသုံးပြုမယ့် စစ်လက်နက် ကိရိယာတွေကို မိုးနဲမြို့၊ ညောင်ရွှေမြို့၊ သီပေါမြို့တွေမှာ ထားမယ်လို့ ဥပဒေကဆိုတယ်။ ကုန်းဘောင်ခေတ် သျှမ်းပြည်မှာထားတဲ့ တပ်ရုံးတွေကို လေ့လာကြည့်တဲ့အခါ မိုးနဲတပ်ရုံး၊ မိုးဗြဲတပ်ရုံး၊ သိန္နီတပ်ရုံးဆိုပြီး (၃)ရုံးထားတယ်။ စစ်လက်နက် ကိရိယာတွေကို ထားတာကျတော့ မိုးနဲတပ်ရုံးတစ်ရုံးမှာပဲထားပြီး ကျန်တာကိုတော့ တပ်ရုံးမစိုက်ဘဲ စစ်ကဲအရာရှိဘဲထားရှိတဲ့ ညောင်ရွှေနဲ့ သီပေါမှာထားတာဟာ တွေးစရာနှစ်ချက်ရှိပါတယ်။
၁။ သျှမ်းပြည်အရှေ့ပိုင်း မိုင်းလျဉ်းကြီး၊ ကျိုင်းရုံးကြီး၊ကျိုင်းတုံနယ်တွေအတွက် မိုးနဲတပ်ရုံးမှာထားတယ်။ သျှမ်းပြည်တောင်ပိုင်း လဲချား၊ မိုင်းပွန်၊ ရပ်စောက်၊ မောက်မယ်၊ မိုးဗြဲ စတဲ့နယ်တွေအတွက် ညောင်ရွှေမှာထားတယ်။ သျှမ်းပြည် မြောက်ပိုင်း သိန္နီ၊ တောင်ပိုင်၊ သုံးဆယ်၊ မိုးမိတ် နယ်တွေအတွက် သီပေါမှာထားမယ်။ အဲလိုများလား?
၂။ အခန်း(၁)၊ အချက်(၅)အရ သျှမ်းအုပ်ချုပ်ရေးအပေါ် မယုံမကြည်ရှိလို့များ မြန်မာတပ်တွေအများဆုံးချထားတဲ့ မိုးနဲနဲ့ မြန်မာဆန်ဆန်နေပြီး မြန်မာဘုရင်ဆီ အမြဲသစ္စာခံတဲ့ သီပေါစော်ဘွား၊ ညောင်ရွှေစော်ဘွားတို့ ထီးနန်းစိုက်ရာမှာ ထားရော့သလား ဆိုပြီး စဉ်းစားစရာဖြစ်လာရပါတယ်။ ပထဝီဝင်အနေအထားအရသော်လည်းကောင်း အဲသည်ခေတ်ရဲ့ နိုင်ငံရေးနောက်ခံအရသော်လည်းကောင်း နှစ်ချက်လုံးက ဖြစ်နိုင်တာကို တွေ့ရတယ်။
အချက်(၃)ကတော့ သျှမ်းပြည်အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး မိုးနဲတပ်ရုံးရဲ့ လုပ်ပိုင်ခွင့်ကို တိတိကျကျ ဖော်ပြထားတယ်။ သျှမ်းပြည်နဲ့ဆိုင်တဲ့အမိန့်မှန်သမျှကို လွှတ်တော်ကလွဲပြီး ဘယ်သူမှ သီးခြားအမိန့် မထုတ်နဲ့။ လွှတ်တော်က ထုတ်ပြန်သမျှအမိန့်ကို မိုးနဲတပ်ရုံးကနာခံပြီး သျှမ်းပြည်နဲ့ဆိုင်တာမှန်သမျှ ဆင့်ဆိုပိုင်ခွင့်ပေးထားတယ်။ ဆိုလိုတာက မိုးနဲတပ်ရုံးဟာ သျှမ်းပြည်နဲ့ဆိုင်တဲ့ ကိစ္စအဝဝကို တာဝန်ယူရပြီး လွှတ်တော်ကို ဥပဒေအရ တာဝန်ခံမယ် ဆိုတာပါပဲ။ ခပ်ပေါ့ပေါ့တော့ မဟုတ်ဘူးပေါ့။ ဘာကြောင့်လဲဆိုတော့ သာမန်မျှ ကြည့်လျှင်တော့ မိုးနဲတပ်ရုံးဟာ လွှတ်တော်ကို တာဝန်ခံတယ်ဆိုတာလောက် မြင်ရပေမယ့် အဲသည်ခေတ်က အုပ်ချုပ်ရေးကို ဇယားချကြည့်မယ်ဆိုလျှင်
လွှတ်တော်တက်မင်းသားကြီး
(မင်းတုန်းမင်းလက်ထက်မှာ အိမ်ရှေ့မင်းသာ လွှတ်တော်တက်တယ်။ အခြားမင်းသားတွေ လွှတ်တော်မတက်ရပါ။)
⬇️
လွှတ်တော်တက် ဝန်ကြီးလေးပါး
⬇️
မိုးနဲတပ်ရုံးဗိုလ်မှူးမင်းသား
⬇️
မိုးနဲတပ်ရုံးဝန်ထောက်
⬇️
စော်ဘွား၊ မြို့စား၊ တပ်ပေါင်းစား၊ ရွှေခွန်မှူး၊ ငွေခွန်မှူး
ဆိုပြီး တွေ့နိုင်တယ်။ သာမန်ကြည့်မယ်ဆို မိုးနဲတပ်ရုံးကပဲ အုပ်ချုပ်တာလို့ မြင်နိုင်ပေမယ့် အရေးကြီးတဲ့ဒေသမို့လို့ နောင်ဘုရင်ဖြစ်လာမယ့်သူကစပြီးနိုင်ငံအတွက် ဥပဒေပြုရတဲ့ လွှတ်တော်ကိုပါ ကြည့်ခိုင်းထားတာကို တွေနိုင်ပါတယ်။
(စစ်အစိုးရခေတ်က သျှမ်းပြည်မှာတာဝန်ကျတဲ့တိုင်းမှူးဆို နိုင်ငံ့အကြီးအကဲလောင်းလျာ ဖြစ်လာရသလိုပေါ့လေ။ ကုန်းဘောင်ခေတ်ကတည်းက သည်အုပ်ချုပ်ရေးစနစ်ဟာ စနေပြီလို့ ဆိုနိုင်မယ်ထင်တယ်။)
အချက်(၄)ကတော့ သျှမ်းပြည်အုပ်ချုပ်ရေးရဲ့ အရေးပါတဲ့ ဘဏ္ဍာရေးဆိုင်ရာ အခွန်စည်းကြပ်မှုကို မိုးနဲတပ်ရုံးက ချုပ်ကိုင်ထားတာ တွေ့ရတယ်။ ချွင်းချက်အနေနဲ့ သံလွင် အရှေ့ဘက်ခြမ်းပဲ ကင်းလွတ်ခွင့်ပေးထားတယ်။ ဘာကြောင် သံလွင် အရှေ့ဘက်ခြမ်းကင်းလွတ်စေသလဲလို့ ကြည့်လိုက်တော့ အဲသည်ဘက်ခြမ်း အုပ်ချုပ်ရေးစနစ်က တစ်မျိုးမို့ပါ။ ထင်ရှားအောင် အချက်နှစ်ချက်နဲ့ ပြပါရစေ။
၁။ ကျိုင်းတုံ၊ ကျိုင်းရုံးကြီး စော်ဘွားတွေကို မြန်မာဘုရင်က ထီးစောင့်နန်းရံ ဘုရင်အဆင့်ပေးပြီး အဆောင်အယောင်အပြည့်နဲ့ထားတယ်။ ဘုရင်အဆင့်ရတဲ့ စော်ဘွားကြီးတွေမို့လို့ ညွှန်ကြားချက်မှန်သမျှကို မြန်မာဘုရင်က သီးခြားထုတ်ပြန်တယ်။ မြန်မာဘုရင်ကိုကန်တော့တဲ့ ကန်တော့ခံအခမ်းအနားက တစ်နှစ်မှာ (၃)ကြိမ်ရှိပြီး အခြားစော်ဘွားတွေက တစ်နှစ်မှာ နှစ်ခါ အနည်းဆုံးလာရပေမယ့် ကျိုင်းတုံ၊ ကျိုင်းရုံးကြီး စော်ဘွားတွေက သုံးနှစ်မှ (၁)ခါပဲ လာရတယ်။ ဒါကြောင့် ဘုရင်အဆင့်ရ စော်ဘွားကြီး နှစ်ပါးအပေါ် လွှတ်တော်နဲ့ မိုးနဲတပ်ရုံးက အမိန့်ထုတ် ဆင့်ဆိုပိုင်ခွင့် မရှိဘူး။
၂။ မိုင်းလျဉ်းကြီးနယ်ကျပြန်တော့ မြန်မာဘုရင်ကိုရော တရုတ်ဘုရင်ကိုပါ သစ္စာခံခွင့် တရားဝင်ရထားတဲ့ စော်ဘွားက အုပ်ချုပ်တယ်။ မိုးလျဉ်းကြီးနယ်မှာ စော်ဘွားတစ်ပါး ကံတော်ကုန်လျှင် နောက်တက်မယ့်စော်ဘွားလောင်းက မြန်မာဘုရင်နဲ့ တရုတ်ဘုရင်ဆီ အကြောင်းကြားရတယ်။ အဲသည်အခါ မြန်မာဘုရင်နဲ့ တရုတ်ဘုရင်က ယူနန်ဘုရင်ခံကတဆင့် အချိန်းအချက်လုပ်ပြီး နှစ်နိုင်ငံကိုယ်စားလှယ်တွေ အစုံအလင်ရောက်မှ စော်ဘွားလောင်းကို နန်းတင်တယ်။ နန်းတင်တာတောင် မြန်မာကိုယ်စားလှယ်ကလက်ဝဲ တရုတ်ကိုယ်စားလှယ်ကလက်ျာ အပြိုင်မပြီး ပလ္လင်ပေါ် တင်မှ စော်ဘွားအရာမြောက်တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ အဲသည်လို နှစ်နိုင်ငံပိုင်တဲ့ နယ်မြေက စော်ဘွားကိုလည်း မိုးနဲတပ်ရုံးက ဆင့်ဆိုခွင့် မရှိဘူး။ (အဲသည်ကတည်းက နယ်စပ်မှာ တရုတ်နိုင်ငံက လွှမ်းမိုးနေပြီ။ မြန်မာဘုရင်ကို ယူနန်ဘုရင်ခံအဆင့်လောက်ထားပြီး အပေါ်စီးက ဆက်ဆံတာတွေ ရှိနေခဲ့ပြီ။)
မိုးနဲတပ်ရုံးအနေနဲ့ သည်ကျိုင်းတုံ၊ ကျိုင်းရုံးကြီးနဲ့၊ မိုင်းလျဉ်းကြီးနယ်တွေကို လုပ်ခွင့်ရှိတာ တစ်ခုပဲရှိတယ်။ နိုင်ငံတော်ရဲ့ အလံဦးကင်းဖျား(နယ်စပ်)ဆိုပြီး နယ်ခြားစောင့်တပ်စု သွားထားတာပဲ။ ထားလည်း သည်စော်ဘွားတွေက ဂရုမစိုက်ဘူး။ သူ့အုပ်ချုပ်ရေးသူလုပ်နေတာ။ တပ်က တပ်အလုပ်လုပ်နေရုံပဲပေါ့။
သို့သော် သျှမ်းပြည်အရှေ့ပိုင်းကရတဲ့ သည်အခွင့်အရေးမျိုးကို သျှမ်းပြည်က အခြားစော်ဘွားတွေ မြို့စား၊ ရွှေခွန်မှူး၊ ငွေခွန်မှူးတွေမရဘူး။ သံလွင်အနောက်ဘက်ဆိုတဲ့ နယ်မြေကန့်သတ်ထားတဲ့ ဥပဒေအရ ဘဏ္ဍာရေးဆိုင်ရာ အခွန်ကောက်ခံခွင့်ကို မိုးနဲတပ်ရုံးရဲ့ ဆင့်ဆိုချက်အတိုင်းသာ ကောက်ခွင့်ရှိတယ်။ ဒေသဆိုင်ရာ အုပ်ချုပ်ရေးကို သည်အချက်နဲ့ ကန့်သတ်ထားတာကို တွေ့ရပါတယ်။ (အခုတော့ ပြည်ထောင်စုလွှတ်တော်ကနေ ဥပဒေနဲ့ သျှမ်းပြည်ရဲ့ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းတွေကို လှမ်းပြီးကန့်သတ်ထားသေးသလားတော့ မသိဘူး။) ဒါတွေနဲ့ပတ်သက်ပြီး အကျယ်သိလိုလျှင် ပုဂံဝန်ထောက်မင်းဦးတင်ရဲ့ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း၊ ဒုတိယနဝဒေးရဲ့ တရုတ်သံရောက်မော်ကွန်းကို လေ့လာပါလို့ ညွှန်းပါရစေ။
အချက်(၅)ကတော့ ရှင်းတယ်။ လူမျိုးနဲ့ပါကန့်ပြီး သီးသန့်အမိန့်ထုတ်ထားတာ။ သျှမ်းတွေ ထပုန်ကန်လျှင် မြန်မာတွေ တစ်စုတစ်စည်းတည်း တိုက်ဖို့ပေါ့။ မနိုင်လို့ ဆုတ်ခဲ့ရလျှင်တောင် အအုပ်အစည်းမပျက်ဘူးပေါ့လေ။
အချက်(၆)ကတော့ လိုအပ်လျှင် စစ်မှုထမ်းခေါ်ဖို့ စစ်သည် လက်နက်အင်အားကစလို့ အဆင်သင့်ပြင်ဆင်ခိုင်းထားတာ ဖြစ်ပါတယ်။ ဥပဒေပါ-
“ မြို့စား စော်ဘွားတို့က ဝန်ခံ၍”
ဆိုတဲ့စကားစုအရ မြို့စား၊ စော်ဘွားတွေဟာ ကိုယ့်မှာ လက်နက်ကိုင်တပ်အင်အား လက်နက်အင်အား ဘယ်လောက်ရှိတယ်ဆိုတာကိုပါ အတိအကျ ဖော်ပြခိုင်းတာဖြစ်တယ်။ ဒါမှသာ တစ်ယောက်ယောက်က ထပုန်ကန်လျှင် သူ့အင်အားကို သိထားတော့ နှိမ်နင်းရလွယ်တာပေါ့။ စော်ဘွားတစ်ပါး၊ မြို့စားတစ်ပါးမှာ လက်နက်ကိုင်တပ် သည်လောက်ရှိလျှင် သူတို့ကို အုပ်ချုပ်ဖို့ မိုးနဲ၊ မိုးဗြဲ၊ သိန္နီတပ်ရုံးတွေမှာ တပ်အင်အားကိုဘယ်လောက်ထားရမယ်ဆိုတာ နေပြည်တော်ကနေ ကောင်းစွာစီမံခန့်ခွဲနိုင်မှာ ဖြစ်ပါတယ်။
ပြီးတော့ ဥပဒေပါ-
” စည်းကြပ်အသင့်ရှိစေရမည် ”
ဆိုတာက စစ်မှုထမ်းဖို့ လူအသင့်စုထားနိုင်အောင် ညွှန်ကြားထားတာဖြစ်တယ်။ ပေါ်တာဆွဲတယ် ချောဆွဲဆိုတာလောက်က သျှမ်းပြည်မှ ကုန်းဘောင်ခေတ်ကတည်းက ရှိနေပြီလို့ဆိုရပါမယ်။ (တကယ်က တောင်ငူခေတ်ကတည်းက ရှိနေတာပါ။ ဘုရင့်နောင်ရဲ့ စစ်ချီမှုတွေကို လေ့လာကြည့်လျှင် တွေ့နိုင်ပါတယ်။) ဒါနဲ့ပတ်သက်ပြီး အကျယ်လေ့လာလိုလျှင်တော့ တွင်းသင်းတိုက်ဝန် မဟာစည်သူဦးထွန်းညိုရဲ့ မဟာရာဇဝင်သစ်၊ လက်ဝဲနော်ရထာရဲ့ ယိုးဒယားနိုင်မော်ကွန်းတွေကို လေ့လာပါလို့ ညွှန်းပါရစေ။
အချက်(၇)ကတော့ စစ်ရိက္ခာပါ။ တစ်ခုခုဖြစ်လာလို့ ထတိုက်ရတော့မယ်ဆိုလျှင် ရိက္ခာက လိုအပ်တာပါပဲ။ စစ်ချီသွားရလျှင် ရိက္ခာမပြတ်အောင် ကြိုစီစဉ်ထားတဲ့ သဘောပေါ့။ စစ်ချီသွားခဲ့ရလျှင် လိုအပ်တဲ့ရိက္ခာတွေရဖို့ နားလို့ကောင်းမြို့၊ ခံစစ်လုပ်လို့ကောင်းတဲ့မြို့တွေမှာ ရိက္ခာတွေကို ကျီနဲ့ အသင့်ထားထားရမယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။ သည်အချက်အရ မြန်မာတပ်တွေ သျှမ်းပြည်ကို စစ်ချီလာလျှင် ရိက္ခာကို အပြည့်အစုံ ကိုယ်နဲ့မကွာ ယူမှယူခဲ့ပါရဲ့လားလို့ တွေးစရာကြီးပေါ့။
အချက်(၈)က အရေးပေါ်ကာလ ပြဋ္ဌာန်းချက်ပါ။ စစ်ချီရလျှင်လည်း မိုးရာသီမှာတော့ သျှမ်းပြည်တက် စစ်မချီဘူးဆိုတာ တွေ့ရတယ်။ မဖြစ်မနေ ချီရလျှင်တော့ ရာသီဥတုအရ အပြင်းအထန်မဟုတ်လောက်ဘူး။ ဘာကြောင့်လဲဆိုတော့ –
“ မိုးလေစဲငြိမ်ကာလ ”
ဆိုပြီး ဥပဒေမှာ ပြထားပြီး ဖြစ်လို့ပါ။ ဒါကြောင့်ဆောင်းဦးပေါက်ကာလ ရောက်သည့်အခါမှ သျှမ်းပြည်ကို စစ်ချီတက်လာကြမယ်ပေါ့။ မိုးလေငြိမ်တဲ့အခါ စစ်ချီတက်မှာဖြစ်လို့ ထား(တာ)ဆိုတဲ့ ဆိပ်ကမ်း၊ လမ်းပေါက် လမ်းဝ (လမ်းဆုံ)တွေမှာ ကင်းထူထူ ချထားရမယ်ဆိုပြီး ဥပဒေက ပြဋ္ဌာန်းပါတယ်။ သည်ဥပဒေအရ တပ်ကင်းတွေကို စစ်ရမှာဖြစ်လို့ မိုးနဲတပ်ရုံးမှာ သင့်တော်ရာ စစ်ကဲကို အုပ်ချုပ်ဖို့ ထားခဲ့ပြီး ဝန်ထောက်နဲ့ စစ်ကဲတစ်ဦးကတော့ သိန္နီအထိ တပ်စစ်ထွက်ရမယ်လို့ ဆိုပါတယ်။
သည်အချက်(၈)အရ မိုးနဲဗိုလ်မှူးမင်းသားဟာ မိုးနဲတပ်ရုံးမှာ အမြဲနေဟန်မရှိဘူး။ ဘာကြောင့်လဲဆိုတော့ တပ်ရုံးတွေမှာ ဗိုလ်မှူးအပြင် စစ်ကဲနှစ်ဦးသာ ခန့်ထားတာကို ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ ROBမှာတွေ့ရပါတယ်။ သို့သော် သည်အချက်(၈)အရ တပ်ရုံးမှာ အမြဲရှိနေနိုင်တာက စစ်ကဲနှစ်ဦးနဲ့ ဝန်ထောက်ပဲ တွေ့ရတယ်။ အရေးပေါ် အခြေအနေမှာ ဗိုလ်မှူးမင်းသားမရှိဘဲ စစ်ကဲတစ်ယောက်က ဝန်ထောက်နဲ့ တပ်စစ်ထွက်ရပြီး ကျန်စစ်ကဲက တပ်ရုံးမှာ ကျန်ရစ်ခဲ့တာထောက်လျှင် ဗိုလ်မှူးမင်းသားဟာ နေပြည်တော်မှာသာ နေပုံရတယ်။ အတော်အရေးကြီးမှသာ တပ်ကြီးနဲ့အတူ သျှမ်းပြည်ချီတက်လာမယ်လို့ ယူဆရတယ်။
အချက်(၉)ကတော့ တပ်စစ်ထွက်လျှင် လိုအပ်တဲ့ လုံခြုံရေးကိစ္စပါ။ မိုးနဲကနေ သိန္နီအထိဆိုတော့ လမ်းကြောင်းက ရှည်လျားတဲ့အတွက် လမ်းခရီးလုံခြုံမှု လိုပါလိမ့်မယ်။ သည်အတွက် တာဝန်ခံရတာကတော့ အရာရှိ ငါးဦးပါ။ သျှမ်းအုပ်ချုပ်ရေးဆိုင်ရာ အရာရှိငါးဦးလား၊ မြန်မာစစ်ဘက်ဆိုင်ရာ အရာရှိငါးဦးလာတော့ ဥပဒေမှာ သေချာမဖော်ထားပါဘူး။ သို့သော် ဥပဒေမှာ-
” သိန္နီအရှေ့လက် မြောက်လက် အလယ်လက် ကျေးသီးတပ်ပေါင်းငါးဌာနများ”
လို့ဆိုတဲ့အတွက် တပ်ပေါင်းစား ငါးဦးကိုသာညွှန်းလျှင်တော့ သျှမ်းအုပ်ချုပ်ရေး အရာရှိများသာ ဖြစ်ပါလိမ့်မယ်။ တပ်ပေါင်းစားဆိုတာ စော်ဘွားလက်အောက်က မြို့စားတွေကိုခေါ်တဲ့ စစ်ဘက်ဆိုင်ရာ အဆင့်အတန်းပါ။ ဥပမာ- ညောင်ရွှေစော်ဘွားကြီးကို တပ်ပေါင်းစားတွေနဲ့အတူ စစ်ကူလာပါလို့ အမိန့်ဆင့်လျှင် ညောင်ရွှေစော်ဘွားကြီးဟာ သူ့လက်အောက်ခံ ရပ်စောက်မြို့စားအပါအဝင် မြေလပ်နယ်က မြို့စားတွေကို တပ်ကိုယ်စီနဲ့ သူ့လက်အောက်မှာ လာအမှုထမ်းဖို့ ပြန်ဆင့်ဆိုပါလိမ့်မယ်။ သည်ဥပဒေအရဆိုလျှင်တော့ ကျေးသီးနယ်ဟာ စော်ဘွားအုပ်ချုပ်ရေး မစခင် ၁၈၆၇မှာ သိန္နီစော်ဘွားကြီးရဲ့ လက်အောက်ခံမြို့စားဖြစ်ပြီး စစ်ဘက်ဆိုင်ရာအဆင့်အားဖြင့် တပ်ပေါင်းစားအဆင့်နဲ့ အုပ်ချုပ်နေပုံရပါတယ်။
အချက်(၁၀)ကတော့ ဝန်ထောက်နဲ့အတူ မဖြစ်မနေ အမှုထမ်းထမ်းလိုက်ဖို့ သျှမ်းအုပ်ချုပ်ရေးဆိုင်ရာအရာရှိတွေကို ဆင့်ဆိုထားတာဖြစ်ပါတယ်။ ဝန်ထောက် တပ်စစ်ထွက်တဲ့အခါ မြန်မာတပ်တွေအပြင် ရှမ်းစစ်သည်တွေပါ လိုက်ရမယ်။ အဲလိုလိုက်တဲ့အခါ ဥပဒေပါ-
“ ရှမ်းပြည်မြို့ ကျေးရွာအင်အားအလျောက် ”
ဆိုတဲ့ စာသားအရ အင်အားရှိသလောက်တော့ လိုက်ရပါလိမ့်မယ်။ ပြီးတော့-
“ သင့်ရာ စော်ဘွား၊ မြို့စားတို့ကို ကိုယ်နှင့်ဖြစ်စေ၊ ညီသားအမတ်တို့နှင့် ဖြစ်စေ”
ဆိုတဲ့ ဥပဒေပါစာသားအရ ဝန်ထောက်ဆီကနေ အခေါ်ခံရတဲ့ မည်သည့်စော်ဘွား၊ မြို့စားမဆို ကိုယ်တိုင်သို့မဟုတ် ညီ၊ သား၊ အမတ် တစ်ဦးဦး ထည့်လိုက်ရမှာ ဖြစ်ပါတယ်။ ပေါ်တာဆိုတာ ဆွဲလျှင်အပီဆွဲတယ်ဆိုတာ အဲဒါမျိုးနေမှာပါပဲ။
** အခန်း(၂) **
အခန်း(၂)ရဲ့ အချက်(၁)၊ (၂)ဟာ တပ်ရုံးအရာရှိတို့ရဲ့ လစာနဲ့ဆိုင်တယ်။ တပ်ရုံးမှာ အမှုထမ်းတဲ့ အရာရှိ အရာထမ်း တပ်သားတွေဟာ လစာရတယ်။ သည်လစာရမယ့်အချိန်မှာ တပ်ရုံကဆင့်ဆိုတောင်းခံတဲ့ မြို့၊ရွာတွေက ပေးရတာဖြစ်တယ်။ သည်လိုပေးရတဲ့အတွက် သည်မြို့ရွာတွေဟာ အခြားအခွန်ပဏ္ဏာကြေး လွတ်ငြိမ်းမှာဖြစ်တယ်။ (အကျယ်သိလိုလျှင် မြန်မာ့သမိုင့်အဖွဲ့ဝင် ဦးကျော်ရဲ့ ကုန်းဘောင်ခေတ် ယောနယ်စစ်မှုထမ်းများစာတမ်းကို တွဲဖက်လေ့လာစေလိုပါတယ်။)
အချက်(၃)ဟာ စော်ဘွား၊ မြို့စား၊ မြို့အုပ်၊ စစ်ကဲတို့ရဲ့ တရားစီရင်ပိုင်ခွင့်ကို ဖော်ညွှန်းပါတယ်။ စစ်ရေး၊ဘဏ္ဍာရေး စတာတွေကို တပ်ရုံးကကိုင်ထားပေမယ့် တရားစီရင်ရေးကို ဒေသဆိုင်ရာ သျှမ်းအုပ်ချုပ်ရေးအကြီးအကဲတွေဆီ လွှဲအပ်ထားပါတယ်။ တပ်ရုံးဆင့်စု(ဆင့်ပိုင်ခွင့်ရှိတဲ့) မြို့ရွာများမှာ တရားတဘောင်ဖြစ်ကြလျှင် တပ်ရုံးက မစီရင်ဘဲ စော်ဘွား၊ မြို့စား စသည်တို့ကသာ တရားစီရင်မယ်လို့ ပြဋ္ဌာန်းထားဟာ အပြည့်အဝ လိုက်နာနိုင်လျှင်တော့ သိပ်ကောင်းတဲ့ ပြဋ္ဌာန်းချက်ပါ။ ဒေသဆိုင်ရာဓလေ့ထုံးတမ်း ဥပဒေအပေါ် တပ်ရုံးဘက်ကနေ ဝင်မရှုပ်ဘူးဆိုတဲ့ သဘောပေါ့။ ဝင်မရှုပ်ဘူးဆိုတဲ့ သဘောသက်ရောက်ပေမယ့် ဝင်ရှုပ်လျှင်လည်း ရပါတယ်ဆိုတဲ့ အနေအထားကိုတော့ ဥပဒေပါ အပိုဒ်(၁၅)၊ (၁၆)မှာ ပါနေပြန်တော့ ရှေ့နောက်မညီညွတ်လှပါဘူး။
အချက်(၄)၊ (၅)၊ (၆)၊ (၇)ကတော့ တပ်ရုံးနဲ့ တပ်ရုံးအကြီးအကဲ ဗိုလ်မှူးမင်းသားရဲ့ တရားစီရင်ပိုင်ခွင့်ကို ညွှန်းပါတယ်။ သည်အချက်တွေမှာ ပြဋ္ဌာန်းထားတာကတော့ စော်ဘွား၊မြို့စားစသည်တို့ရဲ့ တရားစီရင်မှုနဲ့ (ဒေသဆိုင်ရာဓလေ့ထုံးတမ်းဥပဒေနဲ့) မပြတ်ခဲ့လျှင် တပ်ရုံးက စီရင်မယ်။ နေရပ်ကွဲပြားတဲ့ အမှုအခင်းတွေကိုတော့ တပ်ရုံးကပဲ စီရင်မယ်လို့ဆိုတယ်။ တပ်ရုံးကမှ မပြတ်လျှင် ဗိုလ်မှူးမင်းသားက စီရင်မယ်လို့ ဥပဒေက ဆိုပါတယ်။ သည်နေရာမှာ နေရပ်ကွဲပြားတဲ့ အမှုအခင်းဆိုတာက-
၁။ အခြားဒေသမှာ အမှုဖြစ်ခဲ့ပြီး သျှမ်းပြည်မှာ လာရှောင်တဲ့သူတွေနဲ့ဆိုင်တဲ့ အမှုအခင်း
၂။ မြေပြန့် သို့မဟုတ် အခြားဒေသကလာတဲ့ မြန်မာ
သို့မဟုတ် အခြားလူမျိုးနဲ့ ဒေသခံသျှမ်းတွေရဲ့ အမှုအခင်း
မျိုးပဲဖြစ်ပါတယ်။ ပြီးတော့ တပ်ရုံးက စွဲဆိုတဲ့အမှုတွေအတွက် ငွေသီးခြားကောက်ခံခြင်းမရှိဘဲ (ဘုရင်)ထုတ်ပြန်ထားတဲ့အမိန့်အတိုင်းသာ ကောက်ခံမယ်လို့ဆိုပါတယ်။ သည်အချက်တွေကို အကျယ်သိလျှင်လျှင် ဒေါက်တာသန်းထွန်းရဲ့ ROB,အတွဲ၈၊ အတွဲ၉ကို ဖတ်ဖို့ညွှန်းပါတယ်။
အချက်(၈)ကတော့ တပ်ရုံးရဲ့ တရားစီရင်ပိုင်ခွင့်ဆိုင်ရာ အခွန်ငွေ ကောက်ခံမှုစည်းမျဉ်းပါ။ အမှုအခင်းဖြစ်လို့ တပ်ရုံးက စီရင်ရတဲ့အခါ (အမှုမပြတ်ခဲ့တဲ့)စော်ဘွား၊ မြို့စား စသည်တို့ကို ဘာမှမတောင်းဖို့နဲ့ ပေးရမယ့်ရုံးစာကိုလည်း အချိန်ဆွဲမနေဘဲ ပေးဖို့ညွှန်ကြားထားတာဖြစ်တယ်။ သည်အချက်အရ အမှုအခင်းဖြစ်တာနဲ့ ကုန်ကျမယ့် တရားစရိတ်ဆိုတာ ရှိနေတာရယ်၊ တရားရုံးကနေ ရုံးစာကျဖို့ စောင့်ရတာရယ် ကုန်းဘောင်ခေတ်ကတည်းက ရှိနေပါတယ်။ တရားစရိတ်ကို တရားစီရင်မယ့် စော်ဘွား၊ မြို့စားရုံးကို တရားလိုရော တရားခံကပါ ပေးရမှာဖြစ်ပါတယ်။ အမှုမပြတ်ဘဲ တပ်ရုံးအထိ အယူခံတက်လာလျှင် တပ်ရုံးက စော်ဘွား၊ မြို့စားတွေထံကနေ တရားစရိတ်ထပ်တောင်းတဲ့အခါ စော်ဘွား၊ မြို့စားတွေကလည်း သက်ဆိုင်ရာ တရားလို၊ တရားခံတွေဆီ ထပ်တောင်းမှာမို့ တရားစရိတ်ဖိုးနဲ့တင် အတော်ဝန်ပိမှာ ဖြစ်ပါတယ်။ ဒါကြောင့် တပ်ရုံးကနေ တရားစရိတ် ထပ်မတောင်းခိုင်းတာပါ။ သည်အချက်ကတော့ ကုန်းဘောင်ခေတ် တရားစီရင်မှုနဲ့ပတ်သက်ပြီး ထပ်ချီးကျူးရမယ့် အချက်ပဲ ဖြစ်ပါတယ်။
အချက်(၉)ကတော့ တပ်ရုံးရဲ့ တရားစီရင်ရေးနဲ့ပတ်သက်ပြီး လွှတ်တော်ဆီတင်ပြရမယ့် ဗိုလ်မှူးမင်းသားရဲ့တာဝန်ကို ညွှန်းပါတယ်။ မိုးနဲတပ်ရုံးဟာ အစတည်းက လွှတ်တော်ကို တာဝန်ခံရတာ ဖြစ်တဲ့အတွက် အမှုအခင်းတွေနဲ့ ပတ်သက်ပြီး တရားစီရင်မှုတွေကို လေးလတစ်ကြိမ် လွှတ်တော်ကို မဖြစ်မနေတင်ပြရမှာ ဖြစ်ပါတယ်။ စစ်ဘက်တရားစီရင်မှုဟာ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်ဆီတင်ပြရမယ်ဆိုတဲ့သည်ပြဋ္ဌာန်းချက်ဟာ ခေတ်မီတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ သည်အချက်အရ မိုးနဲဗိုလ်မှူးမင်းသားအနေနဲ့ လက်နက်ရှိတိုင်း အာဏာရှိတိုင်း ပေါက်တတ်ကရ ဆုံးဖြတ်လို့မရတော့ဘူးပေါ့။
အချက်(၁၀)၊ (၁၁)ကတော့ တပ်ရုံးရဲ့ လက်နက်ကိုင် ခန့်ထားပိုင်ခွင့်နဲ့ စော်ဘွား၊ မြို့စားတို့ကို ဆင့်ခေါ်ရလျှင် သတ်မှတ်ထားတဲ့ အခွန်အခသာယူဖို့ ပြဋ္ဌာန်းထားတဲ့ အချက်ဖြစ်ပါတယ်။ အချက်(၈)ကို ပိုသေချာအောင် အချက်(၁၁)နဲ့ ညွှန်းဟန်ရှိပါတယ်။
အချက်(၁၂)ကတော့ နယ်စပ်ရေး၊ နိုင်ငံခြားရေးကိစ္စနဲ့ပတ်သက်ပြီး တပ်ရုံးကို အကြောင်းကြားဖို့ ကင်းတပ်တွေကို ညွှန်ကြားတာ ဖြစ်ပါတယ်။ ပြဋ္ဌာန်းချက်မှာပါတဲ့ ကလောင်၊ ယွန်း၊ ယိုးဒယားဆိုတာ လာအို၊ ချင်းမိုင်နဲ့ ထိုင်းကို ညွှန်းတာပါ။ ဘိုးတော် ဘေးတော်တွေ လက်ထက်ကတည်းက တိုက်ခိုက်သိမ်းယူခဲ့ဖူးတဲ့ လာအို ချင်းမိုင်(ဇင်းမယ်)နဲ့ ထိုင်းကို မင်းတုန်းမင်းလက်ထက်အထိ အမြဲစောင့်ကြည့်နေတယ်ဆိုတာကို သည်အချက်က ပြနေပါတယ်။ တကယ်စောင့်ကြည့်သင့်တဲ့ တရုတ်နယ်စပ်ဘက်ကိုတော့ ကြည့်ပါလို့ကို ဥပဒေမှာ ပြဋ္ဌာန်းမထားပါဘူး။ ကိုယ်ကြောက်ရတဲ့သူကိုတော့ အမြဲစောင့်ကြည့်မယ်မရှိဘဲ နိုင်ဖူးသူအပေါ်သာ ဖိထောင်းချင်တဲ့စိတ်က ဥပဒေထဲအထိ ပါလာတာတော့ မကောင်းဘူးပေါ့။
အချက်(၁၃)၊ (၁၄)ကတော့ ရုံးအသုံးစရိတ်တွေနဲ့ပတ်သက်ပြီး ဗိုလ်မှူးမင်းသားဆီ ၄လတစ်ကြိမ်တင်ပြဖို့ ညွှန်ကြားတာပါ။ နေပြည်တော်အသွားအပြန်စရိတ်၊ ထောက်လှမ်းရေးစရိတ်တွေကအစ ဆင့်စုမြို့ရွာတွေဆီ ဆင့်ဆိုရတဲ့ စရိတ်တွေအထိ ဗိုလ်မှူးမင်းသားဆီတင်ဖို့ ဥပဒေမှာ ဖော်ပြထားပါတယ်။ သည်အချက်အရ ဝန်ထမ်းတွေကို ခရီးစရိတ်ပေးနေတာ ကုန်းဘောင်ခေတ်နှောင်း ကာလကတည်းပါလားဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။
အချက်(၁၅)နဲ့ (၁၆)ကတော့ စော်ဘွား၊ မြို့စားများရဲ့ လာဘ်စားမှုများ၊ လက်အောက်ဝန်ထမ်းများကို လာဘ်ယူပြီးရာထူး အပြောင်းအလွဲလုပ်မှုများ၊ ပိုင်ဆိုင်သည့်နယ်တွေထဲက ရွာတွေအပေါ် မတရားအခွန်ကောက်ခံမှုများနဲ့ ပတ်သက်ပြီး တပ်ရုံးက အဆင့်ဆင့်ဆောင်ရွက်ရမယ့်အချက်တွေကို ပြဋ္ဌာန်းထားပါတယ်။ ဥပဒေပါ-
“ တပ်ရုံးက ထောက်လှမ်းမှတ်သား၍ ”
ဆိုတဲ့စာသားအရ စော်ဘွား၊ မြို့စားတွေကို တပ်ရုံးက အမြဲစောင့်ကြည့်ဖို့ ညွှန်ကြားထားတာပါ။ မြန်မာမင်းအပေါ် လက်ဆောင်ပဏ္ဏာဆက်သပြီးတော့ အဘိုးအဘ အရိုးအစဉ်အတိုင်း စော်ဘွား၊ မြို့စား ဖြစ်လာရပေမယ့် နေပြည်တော်ကတဆင့် အမြဲစောင့်ကြည့်ခံနေရတဲ့ ပုဂ္ဂိုလ်များဖြစ်တယ်ဆိုတာကတော့ ထင်ရှားနေပါတော့တယ်။ ဒါကို စော်ဘွား၊ မြို့စားများဘက်ကလည်း မသိဘဲတော့ မနေပါဘူး။ ကိုယ့်နယ်ကိုယ် အုပ်ချုပ်နေရပေမယ့် နေရထိုင်ရတော့ ကျဉ်းကြပ်မှာပေါ့လေ။
တစ်ခုရှိတာက သည်ဥပဒေမှာ စော်ဘွား၊ မြို့စားများရဲ့ ပြုမူဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး ဗိုလ်မှူးမင်းသားကို အပြီးအပြတ် စီရင်ခွင့် ပေးမထားဘူး။ လွှတ်တော်ကို ဦးစွာအစီရင်ခံဖို့သာ ညွှန်းဆိုထားတယ်။ သို့သော် စော်ဘွား၊ မြို့စား အောက်က ဟိန်၊ ထမုံ၊ ကြော့စတဲ့အရာရှိများကိုတော့ လွှတ်တော်ဆီအစီရင်မခံဘဲ တပ်ရုံးက စီရင်ခွင့်ရှိပါတယ်။ သျှမ်းပြည်က စော်ဘွား၊ မြို့စားများရဲ့ အဖြစ်ဟာ သည်ဥပဒေပြဋ္ဌာန်းချက်အရ ကိုယ့်အောက်က ဝန်ထမ်းအရာရှိတွေကိုတောင် ကိုယ်မပိုင်တော့ပါဘူး။ တနည်းအားဖြင့် စော်ဘွား၊ မြို့စားများရဲ့
အုပ်ချုပ်ခွင့်၊ တရားစီရင်ခွင့်ကို တပ်ရုံးက စွက်ဖက်ပိုင်ခွင့် ရှိနေပါတယ်။
အချက်(၁၇)မှာတော့ တပ်ရုံးအရာရှိတွေ၊ စာရေးတွေ၊ လုလင်(မင်းစေ)တွေရဲ့ အဂတိမှုနဲ့ပတ်သက်ပြီး ညွှန်းဆိုထားပါတယ်။ အထက်ပါ အရာရှိ၊ အရာထမ်း၊ အမှုထမ်းတွေလာဘ်စားခဲ့လျှင် စားတဲ့လာဘ်ပမာဏကိုကြည့်ပြီး ပြဋ္ဌာန်းချက်နဲ့အညီ အရေးယူမယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။
** အခန်း(၃)၊ အခန်း(၄)**
အခန်း(၃)နဲ့(၄)ကတော့ အခန်း(၂)ရဲ့ အချက်(၁၇)အတွက် အရေးယူ ဆောင်ရွက်ရမယ့် အချက်တွေကို ဖော်ပြထားတာ ဖြစ်ပါတယ်။ အချက်(၁၇)ပါဥပဒေကို အခန်း(၃)နဲ့ အခန်း(၄)မှာပါတဲ့ နည်းဥပဒေပြဋ္ဌာန်းချက်တွေအရ စီရင်မှာ ဖြစ်ပါတယ်။
နည်းဥပဒေအရ အဂတိအမှုနဲ့ အရေးယူရာမှာ အရာရှိကြီးအဆင့်နဲ့ အရာထမ်း၊ အမှုထမ်းအဆင့် ခွဲခြားထားပါတယ်။ အရာရှိကြီးမို့လို့ အပြစ်ပေါ့ပေါ့ပေး၊ အရာထမ်း၊ အမှုထမ်းမို့လို့ အပြစ်ကြီးကြီးပေးဆိုသလိုတော့ မဟုတ်ပါဘူး။ လာဘ်စားတဲ့ ငွေပမာဏအပေါ် မူတည်ပြီး အပြစ်ကျခံရမှာ ဖြစ်ပါတယ်။ အရာရှိကြီးကတော့ လာဘ်စားတဲ့အမှုပေါ်ပေါက်လျှင် နေပြည်တော်အထိဆင်းပြီး တရားစီရင်တာ ခံရမှာပါ။ သည်အချက်ကို ” ရွှေဘဝါးတော်အောက်ခေါ်ယူ၍ ” ဆိုတဲ့ ပြဋ္ဌာန်းချက်က ညွှန်းဆိုထားပါတယ်။ အရာထမ်း၊ အမှုထမ်းကတော့ တပ်ရုံးမှာပဲ တရားစီရင်တာကို ခံရမှာ ဖြစ်ပါတယ်။
တရားစီရင်တာကို နှိုင်းယှဉ်ပြရမယ်ဆိုလျှင် အရာရှိကြီးက ၁၀ကနေ၅၀လာဘ်စားလျှင်ဖြစ်စေ၊ အရာထမ်း၊ အမှုထမ်းက ၅ကျပ်မပြည်တဲ့ငွေ ဒါမှမဟုတ် အဲဒါနဲ့ညီမျှတဲ့အရာ လာဘ်ယူမိတာ ထင်ရှားလျှင်ဖြစ်စေ အရာရှိကြီးကတော့ စားသမျှ ၂ဆပြန်လျော်ရမှာဖြစ်ပြီး အချုပ်တစ်လကျမှာပါ။ အရာထမ်း၊ အမှုထမ်းကလည်း စားမိသမျှ ၂ဆပြန်လျော်ရမှာဖြစ်ပြီး ၅ချက်တိတိ အရိုက်ခံရပါမယ်။ အချုပ်၁၀ရက်လည်း ကျမှာဖြစ်ပါတယ်။
အရာရှိကြီးအနေနဲ့ ကျပ်၁၀၀အထက် ပိုစားလျှင်တော့ စားသမျှ ပြန်လျော်ရမှာဖြစ်ပြီး ထောင်၃လချမှာဖြစ်ပါတယ်။ ပြီးတော့ ရာထူးကနေ ထုတ်ပယ်ခြင်း ခံရမှာ ဖြစ်ပါတယ်။ အရာထမ်း၊ အမှုထမ်းဆိုလျှင်တော့ ၁၀ကျပ်အထက် ဒါမှမဟုတ် အဲဒါနဲ့ညီမျှတာကို လာဘ်စားလျှင်တော့ စားမိသမျှ ပြန်လျော်ရမှာဖြစ်ပြီး တပ်ရုံးမှာ အချက်၃၀အရိုက်ခံရမှာ ဖြစ်ပါတယ်။ ပြီးတော့ ထောင်၁လပါ ကျဦးမှာ ဖြစ်ပါတယ်။
လာဘ်စားလျှင် အရာရှိကြီးအဆင့်မှာ ရာထူးကထုတ်ပယ်သည်အထိ အရေးယူရမယ်လို သည်ဥပဒေမှာ ပြဋ္ဌာန်းထားပေမယ့် အရာထမ်း၊ အမှုထမ်းတွေအတွက်တော့ ပြဋ္ဌာန်းမထားပါဘူး။ ထောင်ကျတဲ့ကာလလည်း အရာရှိကြီးကများပြီး အရာထမ်း၊ အမှုထမ်းကနည်းပါတယ်။ ယနေ့ခေတ်နဲ့ ချိန်ထိုးရလျှင် သည်ဥပဒေဟာ ထူးဆန်းနေပါတော့တယ်။ ကုန်းဘောင်ခေတ်နှောင်း(မင်းတုန်းမင်းလက်ထက်) ကာလမှာ အရာရှိကြီးတွေများ လာဘ်စားကြလို့ ဥပဒေမှာ ခွဲခြားထားသလားလို့ ထင်မိပေမယ့် သည်ဘက်ခေတ်အထိ အဲလိုပြဋ္ဌာန်းလျှင်လည်း ကောင်းမှာပဲလို့ တွေးမိပါတယ်။
ခြုံငုံသုံးသပ်ရလျှင် သည်မိုးနဲတပ်ရုံးဥပဒေဟာ
– ကုန်းဘောင်ခေတ်နှောင်းကာလ သျှမ်းပြည်ရဲ့ စစ်ဘက် အရပ်ဘက် အုပ်ချုပ်ရေး တရားစီရင်ရေးတွေကို ဖော်ပြထားတဲ့ ဥပဒေဖြစ်ပါတယ်။
– မြန်မာမင်းရဲ့ တပ်ရုံးအရာရှိများနဲ့ သျှမ်းစော်ဘွား၊ မြို့စားများကြားက ဆက်ဆံရေး၊ ဘဏ္ဍာရေး၊ တရားစီရင်ရေးနဲ့ သျှမ်းနယ်များအပေါ် ထားရှိတဲ့ မြန်မာမင်းရဲ့ သဘောထားတွေကို တွေ့နိုင်ပါတယ်။
– သျှမ်းနယ်ရှင်စော်ဘွား၊ မြို့စားများရဲ့ ဒေသဆိုင်ရာဓလေ့ထုံးတပ်ဥပဒေအရ အုပ်ချုပ်မှုကို မြန်မာမင်းက ဝင်ရောက်စွက်ဖက်မှု မရှိဘူးဆိုပေမယ့် မြန်မာမင်းရဲ့ တပ်ရုံးကတဆင့်တော့ စွက်ဖက်ပိုင်ခွင့် ပေးထားတာကို တွေ့နိုင်ပါတယ်။
– အင်အားကြီးနိုင်ငံနဲ့ အင်အားနည်းတဲ့ နိုင်ငံတွေအပေါ် နယ်စပ်ဆိုင်ရာ အလေးထားစောင့်ကြည့်မှုမှာ မတူညီတာတွေကိုလည်း တွေ့နိုင်ပါတယ်။
– အရာရှိကြီးများ၊ အရာထမ်း၊ အမှုထမ်းများအတွက် မတူညီတဲ့ တရားစီရင်ထုံးကိုပါ စိတ်ဝင်စားဖွယ် တွေ့နိုင်ပါတယ်။
– ပြီးတော့ သည်ဥပဒေမှာ အခုခေတ်ထိ ပုံစံပြောင်းပြီး ကျင့်သုံးနေဆဲဖြစ်တဲ့ ဥပဒေပြဋ္ဌာန်းချက် အချို့ကိုလည်း တွေ့ရတဲ့အတွက် ကုန်းဘောင်ခေတ်နှောင်း(ရတနာပုံခေတ်)မှာ ပြဋ္ဌာန်းတဲ့ ဥပဒေတွေဟာ ပညာရေး၊ ဥပဒေနဲ့ နိုင်ငံရေးနယ်ပယ်က သျှမ်းလူငယ်တွေ မျက်ကွယ်မပြုသင့်ဘူးလို့ သုံးသပ်တင်ပြလိုက်ရပါတယ်။ ။
ကျမ်းကိုး။ ။
၁။ကျော်၊ ဦး။ လက်ရွေးစင်စာတမ်းများ။
၂။ တင်၊ ဦး(ပုဂံဝန်ထောက်မင်း)။ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း။
၃။ ထွန်းညို၊ ဦး(တွင်းသင်းတိုက်ဝန် မဟာစည်သူ)။ တွင်းသင်းမဟာရာဇဝင်သစ်။
၄။ နဝဒေး၊ ဒုတိယ။ တရုတ်သံရောက်မော်ကွန်း။
၅။ လက်ဝဲနော်ရထာ။ ယိုးဒယားနိုင်မော်ကွန်း။
၆။ သန်းထွန်း၊ ဒေါက်တာ၊ The Royal Orders of Burma,A.D. 1598-1885, Volume8,9.