ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ဇူလိုင်လ (၁၂)ရက်နေ့က ကရင်နီပြည်နယ်နှင့်ထိုင်းနိုင်ငံနယ်စပ်ရှိ ဆယ်သဲဖောင်ဒေးရှင်းမှ ဖွင့်လှစ်ထားသော စစ်ဘေးရှောင်စခန်းနှင့် စာသင်ကျောင်းအား စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆယ်သဲစာသင်ကျောင်းဆောင်နှင့် စစ်ဘေးရှောင်စခန်းတစ်ခု ပျက်စီးခဲ့ပြီး စစ်ဘေးရှောင်ပြည်သူတစ်ဦး သေဆုံးခဲ့သည်။
“မနေ့က စစ်တပ်က တိုက်လေယာဉ်တွေနဲ့ ဗုံးလာကြဲသွားတာလေ။ တိုက်ပွဲလည်းဖြစ်နေတာမဟုတ်ဘဲနဲ့ ဗုံးလာကြဲသွားတာပေါ့။ စာသင်ကျောင်းအဆောက်အအုံတစ်ခုနဲ့ စစ်ဘေးရှောင်စခန်းတစ်ခု ပျက်စီးသွားတယ်။ ပြီးတော့ ရေသိုလှောင်တဲ့ ပုံးတွေလည်းပျက်စီးကုန်တယ်။ စာသင်ကျောင်းထဲမှာ ကလေးတွေ စာသင်နေတဲ့အချိန် ဗုံးလာမကြဲလို့ ကံကောင်းတယ်လို့ပဲပြောရမယ်။ ဒါတောင်မှ စစ်ဘေးရှောင်တစ်ဦးကတော့ ဗုံးကြဲမှုကြောင့် ထိခိုက်သေဆုံးခဲ့ရတယ်။ လောလောဆယ် စာသင်ဆောင်အဆောက်အဦးလည်း ပျက်စီးသွားတော့ စာပြန်သင်ဖို့လည်း မလွယ်ဘူး။ ကလေးတွေတော့ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးပြီး ဟိုဘက်အခြမ်းမှာ တိမ်းရှောင်နေရတယ်။ ထိုင်းအာဏာပိုင်တွေကတော့ ကလေးတွေကိုလက်ခံပြီး နေရာထိုင်းခင်းပေးထားလို့ တော်သေးတယ်လို့ပဲပြောရမယ်။ ကလေးတွေ (၄၀၀)ဦးလောက် ထိုင်းဘက်ကို တိမ်းရှောင်ထားပါတယ်။” ဟု ဆယ်သဲဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
အလားတူ ကယန်းမျိုးဆက်သစ်လူငယ်များ (KNGY) အဖွဲ့မှ ဖွင့်လှစ်ထားသော စာသင်ကျောင်းများအနီးတွင်လည်း တိုက်ပွဲများဖြစ်ပေါ်ခဲ့သည်ဟုဆိုသည်။
“ကျနော်တို့ဆီမှာ တိုက်ပွဲမဖြစ်တာကြပြီ။ အခုက ကရင်ပြည်နယ်က ကရင်အဖွဲ့တွေတက်လာပြီး စစ်ကောင်စီနဲ့ တိုက်ပွဲတွေဖြစ်နေတာ။ အခုတော့ စာသင်ကျောင်းတွေပိတ်ထားနေရတယ်။” ဟု KNGY မှ ပညာရေးဝန်ထမ်းတစ်ဦးက ပြောပြသည်။
ဒါ့အပြင် ဇူလိုင်လ (၁၃) ရက်နေ့ ညနေ (၅း၄၀) ဝန်းကျင်ခန့်တွင်လည်း ဖားဆောင်းမြို့နယ် ကျောက်ပန်ညိုကျေးရွာကို စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် စေတီပုထိုးများ ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။